ပန်ဝါဒေသရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၍ လူ ၇ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်ရာ ကချင်ပြည်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသရှိ တရုတ်ကုမ္ပဏီပိုင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တရုတ်လုပ်ငန်းရှင်တစ်ဦး အပါအဝင် လူ ၇ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပန်ဝါဒေသ၊ လဂွေကျေးရွာ အလယ်တန်းစာသင်ကျောင်းအနီးရှိ လမ်းဖောက်လုပ်ရေး တရုတ်ကုမ္ပဏီ၏ ယမ်းဂို ဒေါင်မှာ အောက်တိုဘာလ ၂ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုပမာဏ ပြင်းထန်လွန်းသဖြင့် အနီးဝန်းကျင်ရှိ စာသင်ကျောင်းဆောင်များနှင့် ဒေသခံများ၏ လူနေအိမ်များပါ ပျက်စီးခဲ့ရသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်သည် စာသင်ကျောင်း ပိတ်ချိန်ဖြစ်သောကြောင့် ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ယင်းပေါက်ကွဲမှုကြောင့် တရုတ်လုပ်ငန်းရှင်တစ်ဦး၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ပညာရေးဝန်ထမ်းများနှင့် ရွာခံများအပါအဝင် ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ဒဏ်ရာရရှိသူ ၁၁ ဦးအနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် တရုတ်နိုင်ငံဘက်သို့ အရေးပေါ် ဆေးကုသမှုခံယူရန် ပို့ဆောင်ထားရသည်ဟု ဒေသခံများက ဆိုသည်။
လဂွေကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက “ကလေးတွေ ထိခိုက်တာမျိုးမရှိလို့ တော်သေးတယ်။ မဟုတ်ရင် အစုလိုက်အပြုံလိုက် ထိမှန်မှာ။ ဒီယမ်းဂိုဒေါင်ကို ရွာနဲ့နီးတဲ့နေရာမှာ မထားဖို့ KIO ဘက်က မနှစ်ကတည်းက သတိပေးထားတာ ရှိတယ်။ ကုမ္ပဏီဘက်က မဖယ်ဘဲ ဆက်ထားရာကနေ အခုလို သေဆုံးတာတွေ ဖြစ်ခဲ့ရတာ ပါ။ ရွာနားမှာ ယမ်းဂိုဒေါင်တွေ မထားဖို့ ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ခိုင်းစေချင်တယ်” ဟု ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများ၏ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ အခြေ အနေ ဖြစ်နေသည်။
နယ်မြေအတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ စိုးမိုးထားတဲ့ မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတာတွေလည်း ဆက်တိုက်လုပ်တော့ အဲ့ဒါတွေကိုလည်း အမြဲသတိထားရတယ်။ လက်နက်ကြီး၊ ဒရုန်း ဒါတွေကိုလည်း အမြဲသတိထားနေရတယ်။ နောက်ပြီးအခုလို ယမ်းသိုလှောင်ရုံတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရ တယ်။ ဒီကျနော်တို့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့နေရာတွေအားလုံးမှာ အဲ့ဒီကိစ္စတွေ ရှိတယ်ဗျ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ရာ သိန္နီမြို့နယ်၊ ဟွေတောင်ကျေးရွာအုပ်စု၊ မန်မိုင်ရွာ အထက်ကုန်းပေါ်ရှိ MNDAA ရုံးဝန်းအတွင်းရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်။
ထို့ပြင် ယခုနှစ်သည့် မေလ ၃၁ ရက်နေ့ကလည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲခဲ့၍ ဒေသခံ ၅၀ ကျော် သေဆုံးကာ ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။
ယခု လဂွေကျေးရွာ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲရသည့် အကြောင်းရင်းမှန်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။
ဓာတ်ပုံ – (ပန်ဝါဒေသ လဂွေကျေးရွာ၌ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများ။ / Crd)