ပျောက်ဆုံးနေသည့် အမျိုးသမီးကို ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့၊ လက်ဝတ်လက်စားများ ပျောက်ဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကို ဓားထိုးသွင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့သည်ဟု လူမှုကယ်ရေးအသင်း တာဝန်ရှိသူများ က အတည်ပြုပြောသည်။

အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို တနင်္ဂနွေနေ့က နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်ခင် သင်္ချိုင်းအနီးရှိ ခြုံကြားတွင် ဓါးထိုးသွင်းဒဏ်ရာများ၊ ထိုးကြိတ်ခံရသည့် ဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မဖူးပွင့်ကဗျားနှင့်နီးစပ်သူတစ်ဦးက ”နှစ်ကရင်ရွာအထွက် သင်္ချိုင်းအနားမှာ ပြန်တွေ့တာ တကိုယ်လုံးမှာလည်း ဓားနဲ့ ထိုးထားတဲ့ဒဏ်ရာတွေ ထိုးကြိတ်ခံထားရတဲ့ဒဏ်ရာတွေ” ဟု ပြောသည်။

မဖူးပွင့်ကဗျာသည် တစ်ရွာတည်းနေသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ လင် မယား နှစ်ဦးမှ သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာလမ်းဝသို့ ပို့ဆောင်ပေးဖို့ အကူအညီတောင်းခံသဖြင့် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွှဲ ၂ နာရီဝန်းကျင် အချိန်ခန့်က ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သွားပို့ရာမှ ညပိုင်းအချိန်ထိ နေအိမ်သို့ ပြန်မရောက်လာသဖြင့် မဖူးပွင့်ကဗျာ၏ မိသားစုဝင်နှင့် ဒေသခံများ က လိုက်လံရှာဖွေခဲ့ရာမှ နောက်တနေ့တွင် ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။

မဖူးပွင့်ကဗျာကို ပြန်တွေ့ချိန်တွင် ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများ မရှိတော့ဘူးဟုလည်း မိသားစုဝင်များက ပြောသည်။

ပြင်းထန်ဒဏ်ရာများ ရရှိထားသည့် မဖူးပွင့်ကဗျာကို မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ် ကူညီပို့ဆောင်ခဲ့ သည် ဟု မော့ကနင် ရွှေဟင်္သာလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် မပြည့်ဖြိုးဝေနှင့် မောင်ချမ်းမွန် (ခ) အာရုံဦးတို့ လင်မယားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပြီး သက်ဆိုင်ရာကလည်း ရှာဖွေနေဆဲဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။