လောင်းလုံး PDF စခန်း စီးနင်း သိမ်းပိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ LL-PDF စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့သွားသည်ဟု LLPDF အဖွဲ့က ပြော သည်။
လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF အခြေစိုက်ရာ တပ်စခန်းတစ်ခုကို အင်အား ၁၀၀ ကျော်ရှိ စစ် ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်း သိမ်းပိုက်ပြီး လက်လုပ်မိုင်းအချို့နှင့် ရိက္ခာများကို ယူသွားပြီး စခန်းကိုပါ မီးရှို့သွားသည်ဟု LLPDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “PDFစခန်း အသိမ်းခံရတယ် ကြားတယ်။ နှစ်ဘက်ပစ်ခတ် တိုက် ပွဲဖြစ်သံမျိုး မကြားရပေမယ့် တောင်ကြောတလျှောက် လက်နက်ကြီးသံ သေနတ်သံတွေက တညလုံး အဆက် မပြတ်ကြားနေရတယ်။ ရွာတွေနဲ့တော့ ဝေးပါတယ်” ဟု အသက် ၃၅ နှစ် အရွယ် ဒေသခံတစ်ဦး က ပြောသည်။
လောင်းလုံး PDF စခန်းက လက်လုပ်မိုင်းအလုံး ၃၀ ခန့်နှင့် ရိက္ခာများယူဆောင်သွားကာ စခန်းကို မီးရှို့သွားခဲ့ခြင်း ဖြစ်သည် ဟု LLPDF အဖွဲ့က နိုဝင်ဘာလ ၇ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂ ရက်နေ့၊ ညနေ ၄ နာရီ အချိန်ခန့် ကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် စခန်းရှိ ရာ တောင်ကြောတလျှောက်ကို ဆက်တိုက် ပစ်ခတ်ပြီး အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းကာ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် LLPDF စခန်းကို မီးတင်ရှို့သွားခဲ့ခြင်း ဖြစ်သည်။
“၃ ရက်နေ့ မနက်စောစောမှာ စခန်းကို လက်လွတ်ခဲ့ရတာပါ။ ကျနော်တို့စခန်းက မိုင်း အလုံးရေ ၃၀ နဲ့ စု ဆောင်းထားတဲ့ ရိက္ခာတွေကို ယူသွားကြတယ်။ သူတို့ဘက်က အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက စခန်းကို ရှာဖွေရေးလုပ်ပြီး မီးရှို့သွားကြတာပါ။ ကျနော်တို့ ရဲဘော်တွေ ထိခိုက်ဒဏ်ရာ ရတာမျိုးကတော့ မရှိဘူး။ အားလုံး ဘေးကင်းကင်းနဲ့ပဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောရမယ်” ဟု LLPDF အဖွဲ့ဝင် တစ်ဦးက ပြော သည်။
လက်နက်နှင့် လူအင်အား မျှတမှုမရှိသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ စခန်းကို ဆုတ်ခွာပေးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ စခန်းသိမ်းပြီး ပြန်လာမည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော် လည်း အနီးနားတွင် သွားလာနေသည့် ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် တိုက်ခိုက်မည့် လုပ်ငန်းစဉ်ကို ရပ်နားလိုက်ရသည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ယခုကဲ့သို့ လက်လွှတ်ခဲ့ရသည့် မစ်ရှင်ပေါင်းများစွာ ရှိနေခဲ့သည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် အပျော် အပါး၊ ပွဲလမ်းသဘင်နေရာများသို့ သွားလာခြင်းများ ရှောင်ကျဉ်ကာ ပူးပေါင်း ပါဝင်ပေးကြပါရန်နှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများလည်း အချိန်အခါ မရွေး ဖြစ်လာနိုင်သည့် အတွက် ဆင်ခြင်သွားလာပေးကြရန်လည်း LLPDF အဖွဲ့က မေတ္တာရပ်ခံထားသည်။