ရွာသူကြီးနှင့် အမွှာညီဖြစ်သူကို ပြည်သူ့စစ်က နှိပ်စက်သတ်ဖြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ နောင် ရင်းကျေးရွာတွင် နေထိုင်သည့် ရွာသူကြီးနှင့် ညီဖြစ်သူတို့အား ပအိုဝ်းပြည်သူ့စစ် (PNA)က ညဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

၎င်းတို့ အမွှာညီအစ်ကို ၂ ဦးအား မေလ ၉ ရက်နေ့၊ ည ၈ နာရီအချိန်တွင် PNA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ညဉ်းပန်းနှိပ်စက်ခဲ့ရာ နောက်တစ်ရက် ဧပြီလ ၁၀ ရက်နေ့တွင် သေဆုံးသွားကြောင်း မိသားစုဝင်ထံ အကြောင်း ကြားလာသည်ဟု ဆိုသည်။

ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက မျက်နှာ၊ ပေါင်တွေကို ဓါးနဲ့ လှီးထားတာ အလောင်းက ရုပ်ပျက်ဆင်းပျက် ပဲ။ တော်တော်လေးကို နှိပ်စက်ပြီးမှ သတ်ထားတာ။ ဘာကြောင့်သတ်လဲတော့ မသိဘူး။ သူတို့ခိုင်းတာ မလုပ် ပေးလို့ နေမယ် ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလကတည်းက စစ်ဘေးတိမ်းရှောင်နေသည့် အမွှာညီအစ်ကို ၂ ဦးအား PNA ဗိုလ်ကြီးလယ်နှင့် အဖွဲ့က အရေးပေါ် ဆွေးနွေးစရာရှိသည်ဟု ဆိုကာ ကျေးရွာသို့ ပြန်လာခိုင်းပြီးနောက် နောင်ရင်းကျေးရွာ တောင်ဘက် နောင်ယွေးကျေးရွာအဝင်တွင် တော်လှန်ရေးအဖွဲ့များအား သတင်းပေးသည့် ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ အမွှာညီအစ်ကို ၂ ဦးမှာ အသက် ၃၀ နှစ်ဝန်းကျင်အရွယ် ခွန်ဇာခွန်နှင့် ခွန်ပလွန်တို့ ဖြစ်ကြပြီး ရပ်ရွာ ဖွံ့ဖြိုးရေး၊ ပညာရေး၊ စစ်ဘေးရှောင် ကူညီရေး စသည့် ကဏ္ဍများတွင် တက်ကြွလှုပ်ရှား ကူညီ ဆောင်ရွက်နေ သူများ ဖြစ်သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

၎င်းတို့၏ မိတ်ဆွေ တစ်ဦးက “PNA က စစ်မှုထမ်းဖို့ လူတောင်းတာတွေ ရှိတယ်။ ရွာသူကြီးက လုံးဝမပေးဘူး။ ဆက်ကြေး ကောက်ရင်လည်း ရှောင်ခိုင်းတယ်။ အဲ့ဒါကြောင့် သတ်တာ ထင်တယ် ဟု ပြောသည်။

နှစ်သစ်ကူး သင်္ကြန်ကာလအပြီးတွင် စစ်ကောင်စီနှင့် PNA တပ်များမှ ဆီဆိုင်မြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင် ပြီဖြစ်ရာ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအား နေရပ်သို့ ပြန်ကြရန်လည်း ၎င်းတို့က ဖိအားပေးနေ သည်ဟု ဆိုသည်။

သို့သော် ဆီဆိုင်မြို့နယ်ထဲက နေရာအများစုတွင် မြေမြုပ်မှိုင်းများ၊ မပေါက်ကွဲသေးသည့် ဗုံးသီးများ ကျန်ရှိ နေသေးသည့်အပြင် စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် အများစုမှာ စိုးရိမ်ထိတ်လန့်နေရပြီး နေရပ်ပြန်သည့် လူဦးရေ ၂၀ ရာခိုင်နှုန်းခန့် ရှိနေသည်ဟု လူမှုကူညီရေး အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။