ကြွက်မုဆိုး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်။
စောအယ်ကညော၊ ရိုးရာ
အဲ့ဒီနေ့က မိုးဖွဲဖွဲလေးကျနေချိန် ကြွက်ထောင်ချောက် နဲ့ ကြွက်သေကောင်တွေထည့်ထားတဲ့ ပလိုင်းကိုလွယ်ပြီး ကျောက်ကြမ်းတွေ ထူပြောတဲ့လမ်းပေါ် မှာ လော်ဂျားဆိုင်ကယ် တစ်စီးဟာ ဒီးမော့ဆိုအနောက်ခြမ်းက တဲအိမ် စုစုလေးတွေရှိတဲ့ စစ်ရှောင်စခန်းဆီကို ခပ်ဖြည်းဖြည်းဦးတည်လာပါတယ်။
အဲ့ဒီ ဆိုင်ကယ်ကို စီးနှင်းလာသူကတော့ အသက်အရွယ်အားဖြင့် (၄၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မောင်ကျော် ဖြစ်ပါ တယ်။ သူဟာ တိုက်ပွဲတွေမရှိပဲအေးချမ်းနေတဲ့ နန်းမယ်ခုံမြို့လေးမှာ သူ့မိသားစုတွေနဲ့အတူနေထိုင်ခဲ့တာ ဖြစ်ပါ တယ်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သူတို့နေထိုင်တဲ့ မြို့လေးကို စစ်ကောင်စီက စစ်ကြောင်းထိုး လာပြီး တော် လှန်ရေးတပ်တွေ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်တွေ ဖြစ်ပွားခဲ့တာကြောင့် ဒီမော့ဆိုအနောက် ခြမ်းကို သူဟာ မိသားစုတွေနဲ့အတူ ထွက် ပြေးတိမ်းရှောင်လာခဲ့ပါတယ်။
တိုက်ပွဲတွေမဖြစ်ပွားခင်အချိန်က ကရင်နီပြည်နယ် နန်းမယ်ခုံမြို့မှာ နေထိုင်ခဲ့တုန်းက မောင်ကျော်ဟာ မြို့နေသူ တွေ အားထားလုပ်ကိုင်ကြတဲ့ လယ်စိုက်တာနဲ့ တပိုင်တနိုင်ခြံထွက်သီးနှံစိုက်ပျိုးတဲ့အလုပ်ကို လုပ်ကိုင်လို့ရခဲ့ ပေမဲ့ အခုစစ်ရှောင်လာချိန်မှာတော့ စိုက်ပျိုးစရာ ကိုယ်ပိုင်မြေမရှိတဲ့အပြင် အလုပ်အကိုင်တွေ မရှိတာကြောင့် ကြွက်ထောင်ဖမ်းတဲ့အလုပ်ကိုလုပ်ရင်း ဝမ်းရေးကိုဖြေရှင်းနေပါတယ်။
“ရွာမှာနေတုန်းကဆို ခရမ်းချဉ်သီးလုပ်မယ်၊ ခရမ်းသီးလုပ်မယ်၊ စားဖိုဆောင်သီးနှံပေါ့နော်၊ နန်းမယ်ခုံဘက်မှာ ဆို ရေကအဆင်ပြေတယ်ပေါ့နော် အဲ့လိုမျိုးလုပ်စားတယ်၊ စစ်ရှောင်ပြီးနောက်ပိုင်းမှာဆို သူများရွာမှာရှောင်နေ ရင်းနဲ့ အားအားနေဆို (အလုပ်အကိုင် မရှိကြောင်းကိုဆိုလို) ကြွက်ကိုအင်းလုပ်ပြီး ကြွက်သွားထောင်စားတယ်” လို့ မောင်ကျော်ဟာ လက်ကြားထဲက ဖက်ကြမ်းဆေးပေါ့လိပ်လေးကိုဖွာရင်း တိုင်းရင်းသား အသံဝဲဝဲလေးနဲ့ သူ့ရဲ့ လက်ရှိအလုပ်အကိုင် အကြောင်းကို နားလည်အောင် အတတ်နိုင်ဆုံး ရှင်းပြနေပါတယ်။
ဦးမောင်ကျော်ရဲ့ သား/မီး (၃) ယောက်လုံးဟာ ကျောင်းနေအရွယ်ဖြစ်တာကြောင့် ဦးမောင်ကျော်မှာ ဖခင်တစ် ယောက်အနေနဲ့ စစ်ရှောင်နေရင်းနဲ့ သား/မီးတွေ ပညာရေးအတွက် ကျောင်းထားပေးဖို့ ဖြစ်လာပါတော့တယ်။ သမီးကြီးမှာ (၁၂) တန်း၊ သမီးလတ်မှာ (၁၀) တန်း ဖြစ်ပြီး အငယ်ဆုံးသားမှာတော့ (၄)တန်းဖြစ်ပါတယ်။
စစ်ရှောင်နေချိန်အတွင်းမှာတောင် သူ့ရဲ့သား/သမီးတွေကို ပညာသင်ခွင့်ရဖို့အတွက် အရင်းအနှီးမလိုပဲ နန်းမယ်ခုံ မြို့ မှာနေခဲ့စဉ်တုန်းက သူအပျော်လုပ်ခဲ့တဲ့ ကြွက်ဖမ်းတဲ့ အလုပ်ကိုအသုံးချပြီး ကလေးကျောင်းစာရိတ်နဲ့ နေ့စဉ် စားဝတ်နေရေးအတွက် ဖြေရှင်းနေတယ်ဆိုတဲ့အကြောင်းကို မောင်ကျော်က “သား၊ သမီးပညာရေးအတွက် ကျောင်းဝင်ကြေးတို့ စာအုပ်ဖိုးတို့ စားဝတ်နေရေးအတွက် နည်းနည်းပါးပါးပဲ ဖြေရှင်းရတယ်” ဆိုတာကို ဖခင် တစ်ယောက်အနေနဲ့ အားမလိုအားမရဖြစ်တဲ့ အသံနဲ့ပြောပါတယ်။
ဦးမောင်ကျော်တို့ စစ်ရှောင်စခန်း အနီးအနား တဝိုက်မှာ အသား၊ ငါး ရောင်းတာ မရှိသလို စစ်ရှောင်ဖြစ်သည့် အတွက် အသား၊ ငါး ဝယ်စားဖို့အတွက် ငွေကြေးမတတ်နိုင်တာတွေကြောင့် ကြွက်ကိုဝယ်စားကြ တာဖြစ် ကြောင်း “ ကြွက်ကို တချို့က ကြိုက်လို့ဝယ်စားကြတယ်၊ တချို့တွေက အသားထက်စျေးတန်တော့ ဝယ်စား ကြ တယ်ပေါ့နော်၊ သူကတော့ အကြီးကြီးနှစ်ကောင်ကို (၅၀၀၀) နဲ့ပဲရောင်းမယ်ဆိုရင်တော့ မိသားစု (၅) ယောက်ရှိတဲ့ သူတွေက နှစ်နပ်စာရတယ်ပေါ့နော်၊ တကယ်လို့ အသားဝယ်စားတယ်ဆိုရင် တပိဿာကို (၁) သောင်းကျော် တယ်၊ လူဦးရေ (၅)ယောက်လောက်ပဲဆို နှစ်နပ်စာပဲရတယ်” လို့ ကြွက်ဝယ်စားတဲ့ စစ်ရှောင် အမျိုးသမီးတဦးက ပြောပါတယ်။
အဲ့ဒါကြောင့် စစ်ရှောင်တွေဟာ အသားအနေဖြင့် ဦးမောင်ကျော်ဆီကနေ ကြွက်တွေကို ဝယ်စားကြပြီး သူဖမ်းတဲ့ ကြွက်အမျိုးအစားဟာ လယ်ကြွက်အမျိုးအစား ဒေသအခေါ်အဝေါ်အားဖြင့် (ယူထိုး) လို့ ခေါ်ပါတယ်။ ကြွက် တစ်ကောင်ကို (၂၅၀၀) ကျပ်ဖြင့်ရောင်းပြီးတော့ အဲ့ဒီကြွက်ကို ကင်းပြီးတော့လည်းရောင်းသလို အစိမ်းလိုက် ရောင်းပေးတာမျိုးလည်းရှိပါတယ်။ ဦးမောင်ကျော်ရဲ့ ကြွက်ကို အများအားဖြင့် စစ်ရှောင်တွေနဲ့ စစ်ရှောင် အနီး နားက ရွာခံတွေက ဝယ်စားကြပါတယ်။
ဦးမောင်ကျော်တို့ ယခုလက်ရှိ နေနေတဲ့ စစ်ရှောင်စခန်းမှာ တဲ (၅၀)ကျော်ရှိပြီး လူဦးရေ (၂၀၀) ကျော်ခန့် ရှိပါ တယ်။ စစ်ရှောင်စခန်းထဲကို ဝင်လိုက်တာနဲ့ တာလပတ် အမိုးအကာနဲ့ တဲတွေဟာ ပူးကပ်နေပြီး တဲအရှေ့က လူသွားလမ်းမှာ ကလေးလေးတွေက အော်ဟစ်ခုန်ပေါက်ကာ ပျော်ရွှင်စွာ ဆော့ကစားနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေဟာ ရေရှားပါးမှုတွေကြောင့် ရေကို တရက် ဆီဗုံးဝါ (၁၀) ပိဿာ ဗုံးကို တစ်အိမ် နှစ်ဗုံးနှုန်းပဲ ခက်ယူသုံးစွဲနေရပြီး အမိုးအကာများ မလုံလောက်မှုတွေကြောင့် မိုးယိုတာ တွေကို လည်း ခံစားနေကြရပါတယ်။
စစ်ရှောင်ကာလအတွင်း အာဟာရချို့တည်တာတွေ၊ သောက်သုံးရေရှားပါးတာတွေ၊ ဆေးဝါးလိုအပ်ချက်တွေရှိ ပါတယ်။ မောင်ကျော်တို့ စစ်ရှောင်စခန်းဟာ ဆိုရင်လည်း အဲ့လိုမျိုးပဲ ကြုံတွေ့နေရပါတယ်။
တကယ်တော့ ကြွက်သားမှာပါတဲ့ အဟာရ တန်ဖိုးက မနည်းပါဘူး။ Neurostew ဆိုတဲ့ အာဟာရ အကြောင်း လေ့လာတဲ့ website တစ်ခုမှာ ကြွက်ရဲ့ အဟာရတန်ဖိုးတွေကို ဖော်ပြထားပါတယ်။
ကြွက်သား ၃၀၀ ဂရမ် (၂၀ ကျပ်သားခန့်) မှာ ၆၄၈ ကယ်လီရီ၊ ပရိုတင်း အသားဓါတ် ၆၃ ဂရမ်နဲ့ အဆီဓါတ် ၂၂ ဂရမ် တို့ ပါဝင်ပါတယ်။
ပမာဏတူတဲ့ သိုးသား မှာဆိုရင် ၄၀၂ ကယ်လိုရီ၊ အသားဓါတ် ၆၁ ဂရမ်နဲ့ အဆီဓါတ် ၁၆ ဂရမ်ပဲ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသားငါး ရှားပါးတဲ့ စစ်ရှောင်တွေ အတွက် ကြွက်သားဟာ အဟာရနဲ့ ပြည့်ဝတဲ့ အစား အစာ တစ်ခုလည်း ဖြစ်ပါတယ်။
ဒါတင်မက ကြွက်သား ၃၀၀ ဂရမ်မှာ သံဓါတ် ၁၄ မီလီဂရမ်လည်း ပါဝင်ပြီး သံဓါတ်ကြွယ်ဝဖို့ ရည်ညွှန်းလေ့ရှိတဲ့ စပျစ်သီးခြောက်မှာထက် သုံးစနီးပါး သံဓါတ်ပိုများပါတယ်။
တဖက်မှာတော့ ဦးမောင်ကျော်ဟာ စစ်ရှောင်တွေအတွက် အဟာရတွေ ဖြည့်တင်းပေးနေတာမျိုး ဖြစ်နေသလို သူ့ရဲ့ သားသမီးတွေရဲ့ ပညာရေးကိုလည်း ထောက်ပံ့နိုင်ဖို့ ဝင်ငွေလည်း ရှာဖွေနေတာလည်း ဖြစ်ပါတယ်။
စစ်ရှောင်စခန်းအတွင်းမှာတော့ ကလေးတွေပညာရေးနဲ့ပတ်သတ်လို့ မူလတန်းလောက်ထိပဲ တက်ခွင့်ရကြပါ တယ်။ အဲ့ဒီထဲမှာ ဦးမောင်ကျော်ရဲ့ သားဖြစ်သူကတော့ စစ်ရှောင်စခန်းက ကျောင်းမှာတက်ခွင့်ရပေမဲ့ အထက် တန်းအရွယ်သမီးနှစ်ယောက်ကတော့ တောထဲကကျောင်းမှာ သွားတက်ရပါတယ်။
ဦးမောင်ကျော်ရဲ့ သမီးအကြီးဆုံးကလည်း ဖခင်ရဲ့ လက်ရှိအလုပ်ပေါ်မှာ သူ့သဘောထားကို“ပါးပါးကြွက်ရောင်း တဲ့အပေါ်မှာ ရှက်လည်းမရှက်ဘူး ခိုးစားတာလည်းမဟုတ်ဘူးဆိုတော့ သူငယ်ချင်းတွေကလည်း နောက်ပြောင် စရာမရှိဘူးလေ” လို့ ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ်။
ဦးမောင်ကျော်ဟာလည်း ဖခင်ပီပီ သား/မီးပညာရေး မျက်နှာမငယ်ဖို့ရန်အတွက် ကြွက်ထောင်ဖမ်းတဲ့ အလုပ်ကို လုပ်ရင်း အကောင်းဆုံးကြိုးစားနေသူဖြစ်ပါတယ်။ သူဟာကြွက် (၃)ကောင်လောက်ပဲ ရတဲ့အခါတွေဆိုရင် ဆီဖိုး ကာမိရုံလောက်ပဲရှိပြီး (၁၀) ကောင်ကျော်လောက်ရတဲ့အခါ ဆိုရင်တော့ ဆိုင်ကယ်ဆီဖိုးအပြင် သူ့မိသားစု စားသောက်ရေးအတွက် ပိုရတယ်လို့ဆိုပါတယ်။
ကြွက်သွားမဖမ်းခင် အိမ်တိုင်မှာချိတ်ထားတဲ့ ပလိုင်းကိုယူပြီး ကြက်ခိုးစင်မှာတင်ထားတဲ့ ကြွက်ကိုင်းတံ (ကြွက် ထောင်ချောက်) တခုစီကို တညီတညာစီပြီးထည့်လိုက်ပါတယ်။ ဦးမောင်ကျော် ကြွက်တစ်ခါဖမ်းဖို့ သွားတိုင်း ကြွက်ကိုင်းတံ (၃၅)ခုကိုယူသွားလေ့ရှိပါတယ်။
အဲ့ဒီနောက်မီးခွက်မှာတိတ်ပတ်ထားတဲ့ ဆိုင်ကယ်ကိုခွ ပလိုင်းကိုလွယ်ပြီး စစ်ရှောင်စခန်းက သူ့ရဲ့အမိုးမလုံတဲ့တဲ လေးနဲ့ ၃မိုင်လောက်ကွာဝေးတဲ့ လယ်ကွင်းဆီကို ကြွက်ထောင်ဖို့ သူ့ရဲ့ ညအိပ်ခရီးကို စတင်လိုက်ပါတယ်။
ဦးမောင်ကျော် ကြွက်ထောင်ရတဲ့နေရာဟာ အသက်အန္တရာယ်အတွက် လုံခြုံမှုရှိတဲ့နေရာတော့ မဟုတ်ပါဘူး။ တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့နဲ့ နီးတာကြောင့်မကြာခဏဆိုသလို လက်နက်ကြီးတွေကျတတ်ပြီး
“အသက်နဲ့ ရင်းပြီးတော့သွားရတယ်၊ ဟိုကနေ Sniper နဲ့ဘယ်အချိန်လှမ်းပစ်မလည်း အဲ့ဒါတွေစိုးရိမ်ရတယ် လေ၊ ဒါပေမဲ့ မသွားထောင်လို့မှမရတာ၊ စားဝတ်နေရေးနဲ့ အသုံးစာရိတ်မရှိဘူး” လို့ ပြောပါတယ်။
လယ်ကွင်းကိုရောက်တဲ့အချိန်မှာတော့ သူရဲ့ကြွက်ထောင်ဖို့အစီစဉ်ကို စတင်လုပ်ဆောင်ပါတယ်။ သူဟာကြွက် ကိုင်း (ကြွက်ထောင်ချောက်) ကို ကြွက်သွားရာလမ်းကြောင်းရှာပြီး ကြွက်တွင်းနဲ့ တဒေါင်ခန့်အကွာမှာ ကြွက် ကိုင်းတံတွေကို စိုက်ထားခဲ့ပါတယ်။
ပြီးတဲ့နောက် မိုးစက်တွေ တပေါက်ပေါက်ကျနေတဲ့ လယ်ကွင်းထဲက တဲ ထဲမှာ လေတွေရဲ့တိုးဝှေ့ဒဏ်ကို အံတုပြီး သူ့ရဲ့ တညတာကို ကုန်ဆုံးတယ်လို့ ဦးမောင်ကျော်က ပြောပါတယ်။
နောက်တရက်မနက် အာရုံတက်ချိန်မှာတော့ ဦးမောင်ကျော်ဟာ သူထောင်ထားတဲ့ ကြွက်ကိုင်းတံတွေကို သွားကြည့်ပါတယ်။ သူ့ရဲ့ကြွက်ကိုင်းတံမှာ ညှပ်နေတဲ့ ကြွက်တွေကိုတော့ သူ့ပလိုင်းထဲကိုပစ်ထည့်လိုက်ပြီး ထောင်ထားတဲ့ကိုင်းတံများကို မြေကြီးမှဆွဲနှုတ်ကာ တစ်နေရာမှာစုပုံ ထားလိုက်ပါတယ်။
အဲ့ဒီနောက် ကြွက်ကိုင်းတံတွေကို အစီအရီ ပြန်ထည့်လိုက်ပြီး သူ့ရဲ့ နွေးထွေးတဲ့ မိသားစုတွေရှိရာ စစ်ရှောင် စခန်းဆီက တဲကို ပြန်ပါတော့တယ်။
ဦးမောင်ကျော်အနေနဲ့ ရရာအလုပ်ဖြစ်တဲ့ ကြွက်ဖမ်းတဲ့အလုပ်ကို လုပ်ကိုင်နေရပေမယ့် သူ့မိသားစုမှာ သူက ဖခင် ကောင်းတယောက် ပီသခဲ့ပါတယ်။
“ပါးပါးကို ဘယ်လောက်ထိချစ်လည်းဆိုတော့ သမီးတို့ မိသားစုအတွက် Hero လို့ပဲပြောရမှာပေါ့”