လူပေါင်း နှစ်သောင်းကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရပြီး စစ်သား လုပ်နေရပြီ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်။ နိုဝင်ဘာလ ၉ ရက်။
စစ်ကောင်စီက စစ်မှုထမ်း သင်တန်းတက်ဖို့ နိုင်ငံတစ်ဝှမ်း လူစုဆောင်းတာတွေကို အတင်းအဓမ္မ ခေါ်ယူ စုဆောင်းမှုတွေ ဆက်တိုက်လုပ်နေပါတယ်။ စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ ထဲမှာ မြန်မာနိုင်ငံတစ်ဝှမ်း လူဦးရေ နှစ်သောင်းကျော်ကို အဓမ္မ ခေါ်ယူစုဆောင်းခဲ့တယ်လို့ ဗမာ့ရေးရာနဲ့ပဋိပက္ခလေ့လာရေး (BACS) ရဲ့ စာရင်းတွေ အရ သိရပါတယ်။
ဒီလို စစ်မှုထမ်းဖို့ ခေါ်ယူရာမှာလည်း အမျိုးသားတွေ တင်မကဘဲ အမျိုးသမီးတွေကိုပါ စုဆောင်းမှုတွေ ရှိနေပါ တယ်။
စစ်ကောင်စီ ထောက်ခံသူတွေ တဖြည်းဖြည်း လျော့နည်းလာတဲ့အတွက် စစ်မှုထမ်းခေါ်ယူရာမှာ ကနဦး အပတ်စဉ်တွေတုန်းကလို မလွယ်ကူတော့တာကြောင့် အတင်းအဓမ္မ ခေါ်ယူစုဆောင်းမှုတွေ လုပ်လာပါတယ်။
အခုဆိုရင် စစ်မှုထမ်းခေါ်ယူတာ အပတ်စဉ် ၅ အထိ ရှိသွားပြီ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းက ပြည်နယ်နဲ့ တိုင်းတွေထဲ မြို့နယ်တွေမှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းတက်ဖို့ အမျိုးသမီးတွေ ကို စုဆောင်းမှုတွေကို အတင်းအကျပ် ဖိအားပေး လုပ်လာပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခုနှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေကိုပါ အပတ်စဉ် ၅ ကစတင်ပြီး ခေါ်ဆောင်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ပြီးနောက် ဇူလိုင်လ ပထမပတ်ကစလို့ မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ အမျိုးသားတွေ တင်မက ဘဲ အမျိုးသမီးတွေကိုပါ စာရင်းကောက်နေပြီလို့ ဒေသတွင်း လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း အဖွဲ့တာဝန်ရှိသူ နိုင်အဲမွန် က “ကျနော်တို့ကြားတာ ဒီတစ်လခွဲ နှစ်လ ပတ်ဝန်းကျင်ပဲ။ ပြီးခဲ့တဲ့ ဇူလိုင်အစလေးမှာ အချက်အလက်တွေ စပြီးတော့ ရတယ်။ ကျနော်တို့ ဇူလိုင် First week မှာ ကျနော်တို့ ပထမဦးဆုံး နှစ်မှု၊ သုံးမှုရတယ်။ သံဖြူဇရပ်နဲ့ပေါင် နောက်ပြီးတော့ တချို့ဆိုလို့ရှိရင် ဘီးလင်းမှာရှိတဲ့ တချို့နယ်မြေတွေမှာ အမျိုးသမီးတွေကို စာရင်းကောက်တာ ဇူလိုင် second week ပြီးလို့ ရှိရင် အခုဆိုရင် ဒီသံလွင်အရှေ့ခြမ်းဘက်ကို ရောက်လာတယ်။ တဖြည်းဖြည်းနဲ့ ရောက်လာတယ်” လို့ ပြောပါတယ်။
စာရင်းကောက်ခံရာမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ အပါအဝင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဌာနတွေက တာဝန်ရှိသူတွေကိုယ်တိုင် အိမ်ထောင်စုစာရင်းကောက်ယူပြီး စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့လူငယ်တွေကို စိစစ်စစ်ဆေးမှုတွေလုပ်နေတာလို့ ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အဆင့်ဆင့် ဖိအားပေးလုပ်ဆောင်နေတဲ့ စီမံချက်တစ်ခု ဖြစ်တယ်လို့ နိုင်အဲမွန် က သုံးသပ်ပါတယ်။
“အခုသွားနေတဲ့ ပုံစံက ကျနော်တို့ သိတဲ့အတိုင်း ဒီစစ်အင်အား အမြဲလိုနေတယ်။ နောက်တစ်ခုက သတ်မှတ် အင်အား မပြည့်ဘူး။ သတ်မှတ်အင်အား မပြည့်မီတဲ့ခါကျတော့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကနေပြီးတော့ တပ်ရင်း တပ်ဖွဲ့တွေကို ဖိအားပေးပုံရတယ်။ အဲ့ကနေတစ်ဆင့် ထွေအုပ်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် ကျေးရွာအုပ်စု၊ တိုက်နယ်ကျေးရွာ၊ ရပ်ကွက်အဆင့်ထိ အဆင့်ဆင့် ဆင့်ကဲ ဆင့်ကဲ ဖိအားပေးပုံရတယ်။”
မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM – ဟာဖောင်းမ်) က စစ်တမ်းကောက်ယူရရှိမှုတွေအရ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ ကျိုက်မရော၊ ဘားအံ၊ ဘီးလင်း၊ ပေါင်မြို့နယ်နဲ့ ထားဝယ်ဘက်မှာတော့ လောင်းလုံးနဲ့ ရေဖြူမြို့နယ်ထဲက အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ ထဲမှာတော့ မြန်မာနိုင်ငံတစ်ဝှမ်း လူဦးရေ နှစ်သောင်းကျော်ကို အဓမ္မ ခေါ်ယူစုဆောင်းခဲ့တယ်လို့ ဗမာ့ရေးရာနဲ့ပဋိပက္ခလေ့လာရေး (BACS) တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီ ထောက်ခံသူတွေ တဖြည်းဖြည်း လျော့နည်းလာတဲ့အတွက် စစ်မှုထမ်းခေါ်ယူရာမှာ အပတ်စဉ် ၁ နဲ့ ၂ တုန်းကလို မလွယ်ကူတော့လို့ အကြမ်းဖက်နည်းလမ်းတွေသုံးပြီး ခေါ်ယူစုဆောင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး သုတေသနတာဝန်ခံ ကိုမင်းထက်အောင်က “အရင်တုန်းက အပတ်စဉ် ၁၊ ၂ လောက်မှာ သူတို့ မဲနှိုက်တာရှိတယ်။ ပြီးတော့ ကြိုတင်အကြောင်းကြားပြီးမှ အိမ်လာခေါ်တာပေါ့။ အပတ်စဉ် ၃၊ ၄၊ ၅ ရောက်တဲ့အခါမှာတော့ အဲလိုမလုပ်တော့ဘဲနဲ့ လမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေမှာ တချို့ ညဘက်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်လာခဲ့တယ်ပေါ့နော်။ နောက်ပြီးတော့ ထိုင်းဘက်က ပြစ်ဒဏ် ကျခံပြီးတော့ မြန်မာဘက်ကို ပြန်ပို့ခံရတဲ့လူတွေကိုလည်း စစ်မှုထမ်းခေါ်တာတွေ လုပ်လာခဲ့တယ်ပေါ့နော်” လို့ ပြောပါတယ်။
စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခေါ်ယူရာမှာ သူတို့နယ်မြေစိုးမိုးထားတဲ့ နေပြည်တော်နဲ့ ရန်ကုန်တိုင်းအပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း အရှေ့ဘက်ခြမ်းနဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ ခေါ်ယူနေတာ ဖြစ်ပါတယ်။
စစ်မှုထမ်းအတွက် လူပြတ်တဲ့လမ်းတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ ရေဘေးကြုံခဲ့ရတဲ့နေရာဒေသတွေထဲကနေ အဓမ္မပေါ်တာဆွဲခေါ်ယူခဲ့ပြီး သတင်းဖုံးဖိထားတယ်လို့ ကိုမင်းထက်အောင်က ဆက်ပြောပါတယ်။
“အရင်လို အိမ်တွေကို ကြိုတင်အကြောင်းကြားတာ မရှိဘဲနဲ့ ရုတ်တရက် ရောက်လာပြီးတော့ ဖမ်းခေါ်သွားတာ တွေ လုပ်လာခဲ့တယ်။ အပတ်စဉ် ၁၊ ၂ နဲ့ မတူတော့တာက သူတို့ လုပ်ဆောင်နေတဲ့အဖြစ်အပျက်တွေကို အများပြည်သူတွေ မမြင်ရအောင် သတင်းမီဒီယာတွေမှာ ပြန်နှံ့ခြင်း မရှိအောင် ဖုံးကွယ်လာတာကို တွေ့ရတယ်”
စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာမှာ အပတ်စဉ်တစ်ခုကို လူဦးရေ ၅,၀၀၀ လောက်ပဲ သတ်မှတ်ထားပေမဲ့ လည်း စစ်မှုထမ်းခေါ်ယူရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ ဖိအားပေးစေခိုင်းမှုကြောင့် အပတ်စဉ် ၃ ခုအတွင်း လူဦးရေ ၂၁,၀၀၀ နီးပါးအထိ ရှိလာပြီလို့ လေ့လာစောင့်ကြည့်နေသူတွေက ဆိုပါတယ်။
အဲ့ဒီအပတ်စဉ်တွေထဲ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေသာမက တပ်မတွေအလိုက် တပ်သားသစ် စုဆောင်းရေး အတွက်လည်း ခေါ်ယူခဲ့တယ်လို့ ကိုမင်းထက်အောင်က ပြောပါတယ်။
စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နိုင်ငံတစ်ဝှမ်းမှာ လူငယ်အများစုက ရှောင်တိမ်းနေကြရပြီး တချို့ဆိုရင် အိမ်နီးချင်းနိုင်ငံတွေထိ ရှောင်ကုန်ကြပါတယ်။