ချင်းညီနောင်က ကျစ်လစ်တဲ့ တပ်မတော် ဖွဲ့စည်းမည် (အင်တာဗျူး)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။
ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များက ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ ကနေ ၂၉ ရက်နေ့အထိ မြေပြင်အစည်းအဝေး တစ်ခုကို ချင်းပြည်နယ် လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးကို ချင်းညီနောင် အဖွဲ့ဝင် ၆ ဖွဲ့မှ ကိုယ်စားလှယ် ၃၉ ဦးတက်ရောက်ခဲ့ကြပြီး ထိုအစည်း အဝေးတွင် ချင်း တမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့် ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် (Standard Army) အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမူများ ချမှတ်ခဲ့သည် ချင်းညီနောင်အဖွဲ့ CB က မေလ ၁၁ ရက်နေ့ (ယမန်နေ့) က ထုတ်ပြန်ထားသည်။
ထို့အပြင် ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် အနာဂတ်တွင် ချင်းပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြု သည့် ချင်းပြည်အစိုးရ ပေါ်ပေါက်နိုင်ရေးအတွက် တန်းတူညီမျှခြင်း၊တရားမျှတခြင်း၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခြင်း၊ အစရှိသော ဒီမိုကရေစီ စံနှုန်းထားများ ပါဝင်သည့် ချင်းညီနောင်၏ Terms of Reference (ToR) အတိုင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။
ညီနောင်အဖွဲ့ -CB က ဖွဲ့စည်းမည့် ကျစ်လျစ်ခိုင်မာသည့် တပ်မတော်ဆိုတာဘာလဲ။ ဘယ်လိုပုံစံမျိုးလဲ။ ကျစ်လျစ်ခိုင်မာသည့် တပ်မတော် ဖွဲ့စည်းဖို့အပြင် ရှေ့ဆက်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်တွေက ဘာလဲ ချင်းညီနောင်အဖွဲ့ – CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန် ကို သတင်းနှင့် မီဒီယာ ကွန်ရက်က ဆက်သွယ်မေး မြန်းထားသည်။
မေး – ချင်းညီနောင်အဖွဲ့တွေအနေနဲ့ ဒီ မြေပြင် ဆွေးနွေးပွဲကနေ ဘယ်လို ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့ ကြသလဲ။ ဘာတွေ ဆက်လုပ်သွားဖို့ ရှိသလဲ။
ဆလိုင်းယောမန် – ကျနော်တို့ ရှေ့လုပ်ငန်းစဉ်တွေမှာတော့ ကျနော်တို့ ဒီ ချင်းညီနောင် အဖွဲ့တွေ ချင်းညီနောင် ထိန်းချုပ်နယ်မြေတွေ ကနေပေါ့နော စစ်ကောင်စီ လုံးဝကင်းစင်သွားအောင်လို့ ဥပမာတော့ တီးတိန် တစ်မြို့ပဲ ကျန်တော့တာပေါ့ ကျနော်တို့ ဒီ ချင်းညီနောင် အဖွဲ့ဝင် ၆ ဖွဲ့ထဲမှာပေါ့နော စစ်ကောင်စီကင်းစင်ဖို့က တီးတိန် တစ်မြို့ ပဲ ကျန်တော့တယ်။ အဲဒါကို ကျနော်တို့ လုပ်သွားမယ်။ ပြီးတဲ့နောက်မှာမှ တခြားအများကြီး ပါပဲ ဆွေးနွေးဖြစ်ကြ တာကတော့ ကျနော်တို့ သုံးရက် လေးရက်လောက် တွေ့ပြီးမှ ဆွေးနွေးတယ်ဆိုတော့နော် ဆွေးနွေးတာတော့ အများကြီးရှိပါတယ်။
မေး – ပြီးတော့ ထုတ်ပြန်ချက်ထဲမှာက ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်တစ်ရပ် ဖွဲ့စည်းသွားမယ်ဆိုပြီး တွေ့ရတယ်။ ဆို တော့ ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်ဆိုတာ ဘာကို ပြောတာလဲ။လက်ရှိပုံစံနဲ့ ဘာကွာသလဲ
ဆလိုင်းယောမန် – ဒီကျစ်လစ်ခိုင်မာတဲ့ တပ်မတော် တစ်ရပ်ဆိုတာက ဥပမာ ကျနော်တို့ ဒီ ၆ ဖွဲ့ကို ၁ ဖွဲ့ပေါင်းလိုက်လို့ရပါတယ်။ အဖြစ်သဘောပေါ့နော။ အပေါ်ယံပဲ လုပ်ကြစတမ်းဆိုရင်ပေါ့လေ။ ကျနော်တို့ အခုစဉ်းစားထားတာ တော့ တစ်ဖွဲ့ချင်းစီ တစ်ဖွဲ့ချင်း ဒီထက် ပိုကျစ်လျစ်ခိုင်မာအောင် ကျနော်တို့ လုပ်ရမယ်။ အဖွဲ့တခုချင်းစီက ကျစ်လျစ်ခိုင်မာတဲ့ အဲလိုဖြစ်လာပြီဆိုမှ ဒါကိုကျနော်တို့ ပြန်ပေါင်းမယ်ဆိုတော့ တစ်ဖွဲ့အတွင်းချင်းစီမှာပဲ တကယ့် chain of command တွေ ethics တွေ discipling ကောင်းတဲ့ဟာဖြစ် အောင် ကျနော်တို့ ဝိုင်းဝန်း တည်ဆောက်ကြမယ်ပေါ့နော။ အဲဒါပြီးမှပဲ ကျနော်တို့ ပြန်ဝိုင်းဝန်းလုပ်ကြမယ် ပေါ့။ အဲလိုမျိုးပါ။
မေး – ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်ဖြစ်အောင် ဘယ်လို ဆက်လုပ်သွားဖို့ရှိသလဲ
ဆလိုင်းယောမန် – ဒီလိုမျိုးပါဝင်တဲ့ အဖွဲ့တွေ တစ်ဖွဲ့ချင်းစီက ကျစ်လျစ်တဲ့ စည်းကမ်းရှိတဲ့ တပ်ဖွဲ့တွေ ဖြစ်လာ အောင် တည်ဆောက် ရင်းနဲ့မှပေါ့နော အဲဒီကနေမှပဲ တစ်ဖြေးဖြေး ပူးပေါင်းလာကြဖို့ပေါ့ အဲဒီ ၆ ဖွဲ့လုံး တစ်ဖွဲ့ ဖြစ်လာအောင် ပူးပေါင်း လာဖို့ပေါ့လေ အဲလိုမျိုးပါ။ ဒီမှာတော့ ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်ဆိုတာ ပြောချင်တာကတော့ နစ်နာခံမှု ကောင်းတယ်။ ဒီ ကျင့်ဝတ်သဘောပေါ့ ethics တွေ ကောင်းကောင်း နားလည်တယ်။ ဒီ Geneva Convention သဘောတွေကအစပေါ့ ပြီးတော့မှ တိုက်ရည်ခိုက်ရည် ရှိရမယ်ပေါ့နော။ စစ်တပ်ဆိုကတည်းက ယူနီဖောင်း ဘယ်လောက်ကောင်းကောင်း လက်နက်ဘယ်လောက် ကောင်းကောင်း အမိန့်နာခံမှု ဘယ်လောက်ရှိရှိ တိုက်ရည် ခိုက်ရည် မရှိရင် အလကားပဲ အဲလိုမျိုးပေါ့ ဆိုတော့ စည်းကမ်းရှိရမယ်။ အမိန့်နာခံမှုကောင်းရမယ်။ ကျင့်ဝတ် သဘောသဘာဝ လုံးဝနားလည်ရမယ်။ လေးစား လိုက်နာရမယ်။ တိုက်ရည် ခိုက်ရည်ကောင်းရမယ်။ ပြီးတော့မှ အင်အားရှိလာမယ်ဆိုတာမျိုးတစ်ခုပေါ့နော။ ကျနော်တို့ ပြည်သူတွေကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ ကောင်းကောင်းအာမခံနိုင်တဲ့ တပ်တစ်တပ်ဖြစ်လာအောင် ကျနော်တို့ အဲလိုမျိုးပေါ့ အဲဒီတပ်မ တော်ဖက်ကိုပေါ့နော အဲလိုမျိုးကို ကျနော်တို့ ဆိုလိုချင်တာပါ။
ချင်းညီနောင် အဖွဲ့ဝင်များမှာ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU/ PDF- Zoland)၊ ချင်းအမျိုးသားကောင်စီ – မင်းတပ် (CNC/ CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) ၊ မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ (MTC/ MDF) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF- Kampetlet)၊ ချင်းလဲန်းကာ ကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF-Matupi တပ်မဟာ ၁ တို့ ဖြစ်သည်။