စစ်ကောင်စီ၏ အပစ်ရပ်စဲမှုတွင် ကျင့်ဝတ်စည်းကမ်းများ၊ သဘောတူမှုများ မပါ၍ မခိုင်လုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်။ 

စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်သည် စစ်မှန်သည့် အပစ်အခတ်ရပ်စဲမှုများတွင် ပါရှိရမည့် ကျင့်ဝတ်စည်းကမ်းများ၊ သဘောတူညီမှုများ မပါရှိဘဲ ဖောက်ဖျက်ရန်လွယ်ကူသည့် အချက်အလက် များကိုသာ ထည့်သွင်းထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“အခုစစ်အုပ်စုက လုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ ချိုးဖောက်ဖို့ လွယ်ကူတဲ့ အချက်တွေကို ထည့်သွင်းထားတာလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲမှုတွေမှာ ကျင့်ဝတ်စည်းကမ်းတွေ သဘောတူညီမှုတွေ လိုအပ်မှာဖြစ်သလို အဲ့ဒီကျင့်ဝတ်တွေ သဘော တူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်းရှိမရှိ သေချာစေဖို့ နိုင်ငံတကာ စောင့်ကြည့် လေ့လာမှုလည်း လိုအပ် မှာ ဖြစ်ပါတယ်။ သဘောတူထားတဲ့ သဘောတူညီမှုတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် ချိုးဖောက်သူတွေကို ဘယ်လို အရေးယူမှာလဲဆိုတဲ့ အရေးယူမှုတွေလည်း ပါဝင်ရမှာဖြစ်ပါတယ်။”

စစ်ကောင်စီ၏ မြန်မာနိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်သည် ဟန်ပြမျှသာဖြစ် သည်ဟု ဦးနေဘုန်းလတ်က မေလ ၁၃ ရက်နေ့ တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အကြမ်းဖက် စစ်တပ်ဟာ ပြည်သူလူထုကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ စတဲ့ လုပ်ဆောင်ချက်တွေကို နေ့စဉ်ရက်ဆက် လက်တွေ့ လုပ်ဆောင်နေပေမဲ့ တစ်ဖက်မှာတော့ နိုင်ငံတကာမှာ မျက်နှာပန်းလှစေရေး အတွက် ဟန်ပြအပြစ်ခတ် ရပ်စဲရေး ထုတ်ပြန်ချက်တွေကို ထပ်တိုး ထုတ်ပြန်လျက် ရှိနေပါတယ်” ဟု ပြောသည်။

မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အညီ ပေါ်ပေါက်လာသည့် တော်လှန်ရေး အောင်မြင်ရန်အတွက် အပစ်အခတ်ရပ်စဲရေး သက်သက်ဖြင့် အဖြေထွက်နိုင်မည် မဟုတ်ဟုလည်း ဦးနေဘုန်းလတ်က ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေမှုကို လက်ခံမည် မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝန်းနှင့် အာဆီယံ အိမ်နီးချင်းနိုင်ငံများ၏ စုစည်းညီညွတ်သည့် ကြိုးပမ်းမှု အတွက်သာ လမ်းဖွင့်ထားကြောင်း ဦးနေဘုန်းလတ် က ဆိုသည်။

နိုင်ငံတစ်နိုင်ငံက နီးစပ်ရာ ညှိနှိုင်းမှုတွေနဲ့ အကြပ်ကိုင်လို့ရတဲ့ အဖွဲ့အစည်းတွေကို နည်းလမ်းပေါင်းစုံသုံးပြီး အတင်းဖိအားပေးဆွေးနွေးစေပြီး အပစ်အခတ်ရပ်စဲစေမှု နည်းလမ်းကို အသုံးပြုခြင်းဟာလည်း ရေရှည် အတွက် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေတာ၊ တိုင်းရင်းသား အင်အားစုတွေ အချင်းချင်းကြား သွေးကွဲမှုတွေ တင်းမာမှုတွေကို ဖြစ်စေနိုင်ပါတယ်ဟု ဦးနေဘုန်းလတ်က ပြောသည်။

စစ်ကောင်စီက နိုင်ငံတဝန်း ယာယီ အပစ်အခတ်ရပ်စဲရေးကို မေလ ၃၁ ရက်နေ့အထိ ထပ်မံသက်တမ်းတိုး ထားကြောင်း ကြေညာခဲ့သော်လည်း အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ ဘာသာရေး အဆောက်အအုံ များ၊ စာသင်ကျောင်းများ၊ ဆေးရုံများအား ပစ်မှတ်ထား တိုက်ခိုက်မှု ပိုမိုမြင့်တက်လာသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရက ဆိုသည်။