ကော်သူးလေ အမျိုးသမီး ကွန်ရက် ဖွဲ့စည်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်။ 

အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ရန် ကော်သူးလေ အမျိုးသမီးများ ကွန်ရက်ကို ဖွဲ့စည်းလိုက် သည်။

ကော်သူးလေ ဆိုသည်မှာ ကရင်များက သူတို့ စကားဖြင့် ကရင် လူမျိုး/နိုင်ငံကို ခေါ်ဆိုခြင်း ဖြစ်သည်။ 

ကော်သူးလေ နယ်စပ်တစ်နေရာတွင် မေလ ၂၇ ရက်နေ့မှ  ၂၉ ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ကော်သူးလေ အမျိုးသမီးများ နှီးနှောဖလှယ်ပွဲမှ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ နော်ထူးထူးက ပြောသည်။

“ကော်သူးလေ အမျိုးသမီး Network ကို သဘောတူပြီးတော့ ဖွဲ့လိုက်တယ်။ အမျိုးသမီးတွေရဲ့ အသံကို ပိုပြီးတော့ မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဖွဲ့လိုက်တာပါ” ဟု နော်ထူးထူးက ပြောသည်။

ကော်သူးလေ အမျိုးသမီးများကွန်ရက် ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်ကို နော်ထူးထူးက ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းကကော်သူးလေ နှီးနှောဖလှယ်ပွဲမှာ အလွှာပေါင်းစုံက အမျိုးသမီးတွေ အတူတကွ စုရုံးပြီးတော့ အားလုံး ပါဝင်ကြတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဒီမိုကရေစီရှိတဲ့ ကော်သူးလေ ယူနစ်ကို တည် ဆောက်ဖို့အတွက် ကျမတို့ရဲ့ ပထမခြေလှမ်းပေါ့” ဟု ပြောသည်။

ဖွဲ့စည်းလိုက်သည့် ကော်သူးလေ အမျိုးသမီးများ ကွန်ရက်တွင် ကရင်အမျိုးသမီးများ အဓိက ပါဝင်မည်ဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU ၏ ခရိုင် (၇) ခရိုင်နှင့် မြို့နယ်များမှ အမျိုးသမီး ကိုယ်စားလှယ်များ၊ ဒေသခံ လူမှု အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများ ပါဝင်မည်ဖြစ်ပြီး အခြားလူနည်းစု တိုင်းရင်းသား အမျိုးသမီးများ ပါဝင်နိုင်ရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု နော်ထူးထူးက ဆိုသည်။

နှီးနှောဖလှယ်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ လာမည့် ၁၈ ကြိမ်မြောက် ညီလာခံ (ကွန်ဂရက်) တွင် ဌာနဆိုင်ရာများ၊ ခရိုင်၊ စစ်ဖက်နှင့် အရပ်ဖက်အသီးသီးမှ အမျိုးသမီးညီလာခံ ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ရန် တိုက်တွန်းတောင်းဆိုသည့် သဘောတူညီချက် တစ်ရပ်လည်း ချမှတ်ခဲ့သည်ဟု နော်ထူးထူး က ပြောသည်။

ထို့အပြင် နှီးနှောဖလှယ်ပွဲမှ အခြားအရေးကြီးသည့် သဘောတူညီချက်များအဖြစ် ကော်သူးလေနယ်မြေ အတွင်း အွန်လိုင်း ငွေကြေးလိမ်လည်မှု အပါအဝင် တရားမဝင် စီးပွားရေး လုပ်ငန်းများနှင့် လောင်းကစားများအား ဆန့်ကျင်တိုက်ဖျက်ရန်၊ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ရောက်ရှိရေး ပူးပေါင်းဆောင် ရွက်ရန် ဖြစ်သည်။

ထို့အတူ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများအား ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာမှ အရေးယူဆောင် ရွက်ရန်၊ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူများအား အရေးပေါ် အကူအညီများ ပေးအပ်ရန်နှင့် ထိုင်းအစိုးရအား နယ်စပ် ဒုက္ခသည်များ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြု၍ တရားဝင် အလုပ်လုပ်ခွင့်ပေးရန် တောင်းဆိုချက် များလည်း ပါဝင်သည်။

ကော်သူးလေ အမျိုးသမီးများ နှီးနှောဖလှယ်ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU၊ နေရာဒေသ အသီးသီးရှိ ကရင်အရပ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များအပြင် တစ်သီးပုဂ္ဂလ ပညာရှင်များနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ဦးဆောင်နေသည့် ခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း အယောက် ၁၄၀ ကျော် တက်ရောက်ခဲ့ကြသည်။

Photo credit- Seminar Committee