ဖားကန့်၊ လုံးခင်းတွင် လက်နက်ကြီးကြောင့် အရပ်သား ၉ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်းက စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးသွားသည်။

ဇွန်လ ၆ ရက်နေ့၊ ည ၉ နာရီအချိန်က လုံးခင်းကျေးရွာအုပ်စု အတွင်းရှိ ငြိမ်းချမ်းသာယာကျေးရွာက ခွန်ဆာကုန်း ဘုန်းကြီးကျောင်းနား လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။

ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “ဖြစ်က မနေ့ည ၉ နာရီ ဝန်းကျင်လောက်ပါဗျ။ ငြိမ်းချမ်းသာယာရွာ ခွန်ဆာကုန်း ဘုန်းကြီးကျောင်းနဲ့ ကျေးဇူး တော် ဘုရားကျောင်းကြားမှာလို့ ပြောလို့ရတယ်။ အဲ့နားမှာ ရဲစခန်း လည်း ရှိတယ်။ စစ်ကောင်စီတပ် ရည်ရွယ် ချက်ရှိရှိ ပစ်တာပါဗျာ။ သိသာတယ် အခုပစ်နေတာတွေက ယမ်းသို လှောင်ရုံတွေ၊ ယမ်းဂိုဒေါင်တွေပေါ်ကျတာ။ အဲ့တော့ ဖြစ်ပြီဆို အများကြီးထိတာ။ မနေ့က ညတွင်းချင်း မီးလုံး ဝလောင် သွားတဲ့ မီးကျွမ်းသွားတဲ့ အလောင်း ၉ လောင်းတွေ့တယ်ဗျ ဟု ပြောသည်။

သေဆုံးသွားသည့် အရပ်သားပြည်သူ ၉ ဦးမှာ မိသားစုတစ်စုတည်းမှ ဖြစ်သည်။ ၉ ဦးအနက် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၃ ဦးလည်း ပါဝင်သည်။

စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးမှာ ကျောက်စိမ်းကုမ္ပဏီအတွင်းရှိ ယမ်းသိုလှောင်ရုံနေရာ၌ ကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်ကွဲမှု ကြီးမားသည်ဟု ဒေသခံများက ပြောသည်။ အလားတူ အဆိုပါ နေရာ တွင် မြေဩဇာများလည်း သိုလှောင်ထားသည်ဟု ဆိုသည်။

ယခု လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာမှာ လုပ်ငန်းရှင် တစ်ဦး ပိုင်ဆိုင်သည် ယမ်းနှင့်မြေဩဇာ များ သိုလှောင်ထားသည့် နေရာ ဖြစ်သည်ဟု ဆိုသည်။ ကျောက်စိမ်းတူးဖော်ရာတွင် နိုက်ထရိတ်ပါသည့် မြေဩ ဇာများအား ယမ်းအဖြစ် ဖောက်ခွဲရေးအတွက် အသုံးပြုကြခြင်း ဖြစ်သည်။

ဖြစ်စဉ်ကို သွားကြည့်ခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပေနှစ်ဆယ်လောက်ရှိတဲ့ ကျင်းကြီးဖြစ်သွားတယ်။ ချိုင့်ပုံစံမျိုး ဖြစ်သွားတာ။ အိမ်တွေ ၃၀ လောက် ပျက်စီးတယ်။ ပျက်စီးမှုက များတယ်။ အသံကတော့ ၂ ချက် ကြားလိုက်တယ်။ ပြီးတော့ မီးခိုးတွေ တက်လာတာ။ ချက်ချင်းတော့ လူတွေက မသွားရဲဘူး။ ကျနော်တို့ ရောက်တော့ အဲ့ဒီမှာ ကမ္ဘာပျက်နေပြီ လူတွေ။ လူတွေအလောင်းဆို မီးလုံးဝကျွမ်းသွားတာမျိုးဗျ။ ပစ်တဲ့နေရာ ကလည်း ကွက်တိဗျာဟု ပြောသည်။

ဇွန်လ ၃ ရက်နေ့က ဖြစ်ခဲ့သည့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲက မှော်စီစာကျေးရွာမှာ တင်အောင် ကြိုင် လုပ်ကွက် ပစ်ခတ်ခံရမှုနှင့် ဇွန်လ ၆ ရက်နေ့ ငြိမ်းချမ်းသာယာကျေးရွာက ခွန်ဆာကုန်းပေါက်ကွဲမှု ပုံစံတို့ မှာ တူသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ နေရာနှစ်ခုလုံးအား ပစ်ခတ် ဖောက်ခွဲမှုကို ကျူးလွန်သူများမှာ ယခုတစ်ပတ်လုံး လုံးခင်း၊ မှော်စီစာ၊ ကုဋေမှော်၊ ဆန်ခါတို့၌ နေ့စဉ် မီးလိုက်ရှို့နေကြသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ ဖြစ်သည် ဟု ဆို သည်။

ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲပြီး မေလ ၂၇ ရက်နေ့က စတင်ပြီး လုံးခင်းကျေးရွာအုပ်စုထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်သည်။