ရှမ်းပြည် အရှေ့ပိုင်း “ဝ” နယ်မြေတွင် မြေရှား သတ္တု ထုတ်လုပ်မှု အဆများစွာ များပြားလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်။ 

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းပေါက်မြို့နယ် အတွင်း မြေရှားသတ္တုတူးဖော်မှု အဆမတန် များပြားလာသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ် ပြန်သည်။

ဂြိုလ်တုဓာတ်ပုံများ၊ အချက်အလက်များအရ မိုင်းပေါက်ဒေသတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် မြေရှား သတ္တု တူးဖော်ရေးလုပ်ငန်းများ ၈ ဆ များပြားလာသည်ဟု SHRF က ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုမြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းများသည် ဒေသခံပြည်သူအတွက် အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိဘဲ တရုတ်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားအတွက်သာ ဖြစ်သည်ဟု SHRF က ထောက်ပြထားသည်။

SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က အဓိကကတော့ ပြည်သူတွေတော့ အကျိုးအမြတ်မရှိတာ သေ ချာတယ်ပေါ့နော်။ ဒါကတော့ တရုတ်ရဲ့ အကျိုးအမြတ် ပိုများပြီးတော့ ပြည်သူတွေ၊ ဒေသခံပြည်သူတွေ အကျိုးအမြတ် မရှိဘူးလို့ပဲ ပြောနိုင်တယ်ပေါ့နော် ဟု ပြောသည်။

SHRF ၏ အစီရင်ခံစာတွင် စစ်အာဏာသိမ်းမှု နောက်ပိုင်း UWSA ထိန်းချုပ်ထားသော နယ်စပ်ဒေသများတွင်  မြေရှားသတ္တုတူးဖော်မှု အဆမတန် များပြားလာနေရသည်ကို ဂြိုလ်တုဓာတ်ပုံများ၊ အချက်အလက်များနှင့်တကွ ထုတ်ဖော် ပြသထားသည်။

အထူးသဖြင့် ၂၀၁၅ ခုနှစ်တွင် လုပ်ကွက် (၃) ကွက်သာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်နောက်ပိုင်းတွင် လုပ်ကွက် (၂၆) ကွက် ထက်မနည်း တိုးလာခဲ့သည်။

‘ဝ’ ဒေသအတွင်း မြေရှား ထုတ်လုပ်မှုမှာ ကချင်ပြည်ထဲက မြေရှားတူးဖော်သည့် နယ်မြေများကို ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA က သိမ်းပိုက်လိုက်ပြီး နောက်ပိုင်း ပိုတိုးသည်ဟုလည်း ဆိုနိုင်သည်။

ကချင်ပြည် ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဖီမော်မြို့နယ်တို့ကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ကတည်းက စတင်ထိန်းချုပ်လာနိုင်ခဲ့ပြီးနောက် အဆိုပါ ဒေသများအတွင်းရှိ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းများ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

ယိင်းလျန်းဟန် က အဓိကကတော့ KIA/KIA ဒီဘက်မှာ ဒီမြေရှားသတ္တုတူးဖော်မှုတွေ၊ တချို့တွေက အခုဆို ရင် သူတို့ ပြန်ပြီးမှ တချို့ရပ်တန့်နေရတဲ့ နေရာတွေ ရှိတဲ့အခါကျတော့၊ သူတို့ ဒီဘက်ဒေသမှာ ပိုပြီးမှ တိုးပြီး ထုတ်လာတယ်လို့ မြင်ပါတယ်ရှင့် ဟု ပြောသည်။

အဆိုပါလုပ်ငန်းများသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို အသုံးပြုကာ စည်းကမ်းမဲ့ စွန့်ပစ်နေမှုကြောင့် ထောင်ပေါင်းများစွာသော ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက် နေသည်ဟု ဆိုသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက မိုင်းပေါက်မြို့တွင် ဖြစ်ပွားခဲ့သော အပြင်းအထန် ရေကြီးမှုသည်လည်း မြေရှားတူးဖော်မှုကြောင့် တောတောင်များ ပြုန်းတီးပြီး မြစ်ကြောင်းများ တိမ်ကောလာခြင်း၏ တိုက်ရိုက် အကျိုးဆက် ဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ 

သို့သော် ဒေသခံများမှာ အဆိုပါ သဘာဝဘေး အန္တရာယ်များ၏ နောက်ကွယ်မှ အကြောင်းအရင်းကိုပင် မသိရှိ ကြကြောင်း ယိင်းလျန်းဟန် ကဆက်ပြောသည်။

တကယ့် ဒီမြေရှားတွေကြောင့် ရေကြီးတာကိုတောင်မှ ပြည်သူတွေကိုယ်တိုင်တောင် မသိတဲ့အထိ ဖြစ်နေတယ်ရှင့် ဟု ဆိုသည်။

အစီရင်ခံစာအရ တူးဖော်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ၌ တားမြစ်ထားသည့် ‘in-situ leaching’ နည်းပညာ ကို အသုံးပြုလျက်ရှိသည်။ 

ထိုနည်းပညာသည် အမိုနီယမ်ဆာလဖိတ် ကဲ့သို့သော ဓာတုပစ္စည်းများကို တောင်စောင်းများအတွင်းသို့ ထိုးသွင်း ပြီး မြေရှားသတ္တုများ ဖော်ယူနေပြီး အသုံးပြုပြီးသည့် ဓာတုစွန့်ပစ်ရည်များသည် ဒေသ၏ အဓိက ရေ အရင်း အမြစ်များ ဖြစ်သော မြစ်ချောင်းများအတွင်း တိုက်ရိုက်စွန့်ပစ်နေပြီး ထိုမှတစ်ဆင့် မဲခေါင်မြစ်အတွင်းသို့ စီးဆင်းသွားသည်ဟု ဖော်ပြထားသည်။

အဆိုပါ ပြဿနာမှာ ဒေသတစ်ခုတည်းတွင် သာမက နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်ဟု ယိင်းလျန်းဟန် ကဆက်ပြောသည်။

နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ပြဿနာဆိုတာက အခုလက်ရှိ ဒီ မိုင်းယွန်းနားက ဒီမြေရှား သတ္တု တွင်းနဲ့ အသွင်ကြောင့်ပေါ့နော်၊ ကျမတို့ ဒီနမ့်ခုတ်မြစ်ထဲမှာ ရေတွေညစ်ညမ်းတယ်။ ဒီညစ်ညမ်းတဲ့ရေတွေက ထိုင်းဘက်ကို ရောက်သွားတဲ့အခါမှာ ထိုင်းဘက်ကလည်း ပြည်သူတွေလည်း ဒီညစ်ညမ်းမှု ခံစားရတယ်ပေါ့ နော်။ အခု ကျမတို့ ဒီ အခုထုတ်တဲ့ မိုင်းပေါက်ဆိုတာလည်း ဒီလိုပဲ၊ သူတို့ သံလွင်မြစ်ပေါ်မှာပဲ မူတည်ပြီး၊ ဒီရဲ့ မြစ်က စီးတဲ့ရေကလည်း သံလွင်မြစ်ကို စီးသွားမယ်။ သံလွင်မြစ်သည်လည်း ကျမတို့ ဒီနိုင်ငံရဲ့ အကြီးဆုံးမြစ် ဆိုလည်း ဖြစ်တယ်။ နောက်တစ်ခုက မဲခေါင်မြစ်ထဲ စီးမယ်။ မဲခေါင်ဆိုတာကျတော့ ကျမတို့ ဒီထိုင်းနဲ့ မြန်မာ တင် မဟုတ်ဘူး၊ ဟိုးအောက်ဘက် ကျမတို့ နိုင်ငံတကာအထိ စီးသွားတဲ့ နိုင်ငံတကာမြစ် ဖြစ်တယ်ပေါ့နော်။ ဒါကို ပြောချင်တာပါရှင်။”

စစ်ကောင်စီ၏ အာဏာသိမ်းမှု နောက်ပိုင်းမှ ယခုကဲ့သို့ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးပွားလာခြင်းသည် လည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ မျက်ကွယ်ပြုမှု သို့မဟုတ် တိတ်တဆိတ် သဘောတူညီမှုများ ရှိနေနိုင် ကြောင်း SHRF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြေရှားသတ္တုသည် လျှပ်စစ်ကား၊ စမတ်ဖုန်း၊ လေအားလျှပ်စစ်တာဘိုင်များကဲ့သို့သော ခေတ်မီနည်းပညာမြင့် ပစ္စည်းများထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းတစ်မျိုးဖြစ်ပြီး၊ မြန်မာနိုင်ငံသည် ကမ္ဘာ့တွင် တတိယ အများဆုံး မြေရှားထုတ်လုပ်လျှက်ရှိသည်။

မြေရှား သတ္တု တူးဖော်မှုမှာ တရုတ်နိုင်ငံသည် ကမ္ဘာတွင် အများဆုံး ထုတ်လုပ်လျှက်ရှိပြီး ဒုတိယမှာ အမေရိကန်နှင့် မြန်မာနိုင်က တတိယ ဖြစ်သည်။

အဆိုပါ နိုင်ငံ သုံးနိုင်ငံက ထုတ်လုပ်လိုက်သည့် မြေရှားသတ္တုများကိုမူ တရုတ်နိုင်ငံ၌ သန့်စင်သည်။