လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၄ နှစ် အရွယ်ကလေး အပါအဝင် မိသားတစ်စုလုံး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် သမီးငယ်လေးတစ်ဦး အပါအဝင် မိသားစု ၃ ဦး သေဆုံးသည်ဟု စစ်ဘေးရှောင်ကူညီရေး အဖွဲ့အစည်း တာဝန်ခံများက ပြော သည်။
ဖယ်ခုံမြို့ အနောက်ဘက်ရှိ စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီက ယမန်နေ့ (ဇူလိုင် ၇) ည ၁၁ နာရီ ဝန်းကျင် ခန့်တွင် ပေါင် ၂၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ဘေးရှောင်စခန်းရှိ တာဝန်ရှိသူ တစ်ဦးက “တစ်မိသားစုလုံး ပွဲချင်းပြီးတယ်။ အိပ်နေတုန်း ကြဲတာဆိုတော့ ရှောင်ချိန်တောင် မရလိုက်ဘူး။ အခုက ကင်းပတ်လေယာဉ် အရင်လာဝဲတာမျိုး မရှိတော့ဘူး။ တိုက်ရိုက်ပျံလာ ပြီး လာကြဲတာ” ဟု ပြောသည်။
ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက်၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး နှင့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု စစ်ဘေးရှောင်စခန်း တာဝန်ရှိ သူများက ပြောသည်။
ထို့အပြင် အခင်း ဖြစ်ပွားစဉ်အတွင်း ၂ နှစ်အရွယ် ကလေးတစ်ဦး၊ ၁၄ နှစ်အရွယ် ကျောင်းသူ တစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးနှင့် ကိုယ်ဝန်ဆောင်တစ်ဦးတို့မှာလည်း ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ဆိုကြသည်။
အလားတူ ဇူလိုင်လ ၇ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင် အချိန်ခန့်၌လည်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းအား ပေါင် ၂၀၀ ဗုံးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေး သည်။
ထိခိုက်ဒဏ်ရာရသူနှင့် နီးစပ်သူ တစ်ဦးက “တစ်ယောက် ထိတာနဲ့ အကုန်လုံး တန်းပြေးကြတာ။ ဗုံးက ၂ လုံး ကြဲတာ။ တစ်လုံးက မကွဲဘူး။ တော်လှန်ရေးတပ်တွေ လာသယ်သွားတယ်” ဟု ပြောသည်။
ရှမ်း – ကရင်နီ နယ်စပ်ရှိ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ လမ်းမကြီးအား စစ်ကောင်စီ ထိန်းချုပ်ထားပြီး တိုက်ပွဲများ လည်း ဆက်လက် ပြင်းထန်နေသည်ဖြစ်ရာ စစ်ကောင်စီက လေကြောင်းပစ်ကူ အမြောက်အမြား အသုံးပြုလာ ခြင်း ဖြစ်သည်။
ဇူလိုင်လ ၂ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများအား စစ်ကောင်စီ က ပေါင် ၂၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သေးသည်။ သို့သော် အဆိုပါ ဗုံးကြဲမှုထဲ လူထိခိုက်မှု မရှိဟု စစ်ဘေးရှောင် ကူညီရေး ဆောင်ရွက်နေသူများက ပြောသည်။