မြစ်ရေအတက်တွင် ချင်းတွင်း မြစ်ကြောင်းအတိုင်း စစ်ကောင်စီ သင်္ဘော ၃၀ ကျော် ဆန်တက်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။ 

မြစ်ရေတက်သည်ကို အခွင့်ကောင်းယူ၍ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှင့် ဖလပ်ရေယာဥ် အစီးရေ ၃၀ ကျော်ရှိနေသည်ဟု အခြေအနေကို စောင့်ကြည့်နေသည့် သတင်းအရင်းအမြစ် များက ပြောသည်။

မန္တလေးမြို့မှ ချင်းတွင်းမြစ်ကြောင်း အတိုင်း အထက်ကို ဦးတည်ကာ ဆန်တက်လာသည့် စစ်သင်္ဘောနှင့် ဖလပ်ရေယာဥ် စုစုပေါင်း ၃၀ ကျော်ရှိသည်ဟု ဆိုကြသည်။

စစ်ကောင်စီတပ်သည် ချင်းတွင်းမြစ်ရေတက်သည်ကို အခွင့်ကောင်းယူကာ မြစ်ကြောင်းတစ်လျှောက်တွင် ရှိသည့် စစ်ကောင်စီတပ်၏ စခန်းများနှင့် အထက်ဘက် ဟုမ္မလင်းမြို့နယ်အထိ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းလေ့ရှိသည်။

ချောင်းဦးမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက စုစုပေါင်း အစီးရေက ၃၀ ကျော်တယ်။ သူတို့ က ကြေးနီတွေ တင်တာရှိတယ်။ ဆားလင်းကြီး ဝမ်ပေါင်ကပေါ့။ ဖလပ်ခွံ အရေအတွက်က တော်တော်လေး များတယ်။ ဒီနှစ်တော့ အစီးရေ ပိုသုံးတာပေါ့လေ။ ၃၀ ကျော်ကြီး ဆန်လာတာဆိုတော့လေ။ အရင်နှစ်တွေက ၁၀ စီး ၁၅ စီးပဲ တွေ့ရတာ။ အရင်နှစ်တွေကတော့ ဒီလောက်မရှိဘူးပေါ့လေ ဟု ပြောသည်။

ယခုတစ်ကြိမ် ဆန်တက်လာသော ရေယာဥ်များထဲတွင် စစ်သင်္ဘော ၄ စီးနှင့် အတူ ဖလပ်ရေယာဥ် များစွာ ပါဝင်ပြီး စုစုပေါင်း ရေယာဥ် ၃၀ ကျော်ရှိသည့် အတွက် ယခင်နှစ်များကထက် ပိုများပြားသည့် အင်အား ဖြစ် သည်ဟု ချောင်းဦးမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားက ပြောသည်။

ထို့အပြင် ရေယာဥ်များ ဆန်တက်လာချိန်၌လည်း မြစ်ကမ်းဘေး တစ်လျှောက် လက်နက်ကြီး လက်နက်ငယ် များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများရှိသည့် အပြင် လုံခြုံရေးယူ ပစ်ခတ်ပေးသည့် ပါရာမော်တာ ပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်က အရပ်သား ၄ ဦး သေဆုံးခဲ့ရသည်ဟု အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့က ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ ရေယာဥ်များသည် ပဇူလိုင်လ ၈ ရက်နေ့က မုံရွာမြို့နယ်ရှိ အုံးပင်ဆိပ်နှင့် အလုံမင်းဒေါင့် ဆိပ်ကမ်းတို့တွင် ခွဲ၍ ယနေ့အထိ ဆိုက်ကပ်ရန် ပြင်ဆင်မှုများ လုပ်နေကြောင်း မြေပြင် သတင်းအရင်းအမြစ် များက ပြောသည်။

အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက အခုတက်လာတာက အစီးရေ စုစုပေါင်း ၃၀ ကျော်ရှိပြီး အရင်ရှိနေတဲ့ ရေယာဥ်တွေပါ ပေါင်းရင် ၅၀ နီးပါးလောက် ရှိတယ်။ စစ်သင်္ဘော ကတော့ နည်းမှာပေါ့နော်။ သူတို့က လုံခြုံရေးအနေနဲ့ လိုက်တာ ကုန်တင်သင်္ဘောတွေက ပိုများတယ်ဟု ပြောသည်။

ထိုသို့ စစ်သင်္ဘောနှင့် ကုန်တင်သင်္ဘော ဖလပ်ရေယာဥ်များစွာ အသုံးပြုနေခြင်းသည် အထက်ဘက်၌ တံတား ပြုပြင်ရန်နှင့် ဆားလင်းကြီးမြို့နယ်မှ ဝမ်ပေါင်ကုမ္ပဏီရှိ ကြေးနီများ သယ်ယူရန် အပြင် မြစ်ကြောင်း တစ်လျှောက်ရှိ စစ်စခန်းများကို စစ်အင်အားနှင့် ရိက္ခာများ တင်ပို့ရန် ဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

တစ်ဖက်တွင် ဆန်တက်လာသည့် မြစ်ကြောင်းတစ်လျှောက် ဆားလင်းကြီးမြို့နယ်နှင့် ချောင်းဦးမြို့နယ် အကြား တွင် ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ချောင်းဦး မြို့နယ်က ကာကွယ်ရေး တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

သူတို့ အရင်နှစ်တွေက ပစ်ခတ်ခံရလေ့ရှိတဲ့ နေရာတွေကို လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်လေ့ရှိတယ်။ ပါရာမော်တာနှစ်စီးနဲ့ ချသွားသေးတယ် ဆားလင်းကြီး မြို့နားပေါ့လေ။ ချောင်းဦးနယ်က ကံကြီး ကုန်းပျူရွာ နားမှာလည်း တိုက်ပွဲ ဖြစ်သေးတယ်။ သူတို့က ရိက္ခာပို့တဲ့ အချိန်ဖြစ်တာပေါ့။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၄ ရက်နေ့က စတင်၍ မန္တလေးမြို့ ရွှေကြက်ယက်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်းကနေ စုန်ဆင်းလာပြီး ချင်းတွင်းမြစ်ကြောင်း အတိုင်း အထက်ကို ဆန်တက်ရန် ကြိုးစားလာခြင်း ဖြစ်သည်။

ဓာတ်ပုံ – ချင်းတွင်းမြစ်ကြောင်းပေါ်တွင် တွေ့ရသည့် စစ်သင်္ဘောနှင့် ဖလပ်ရေယာဥ်များ (အညာ ပစ်တိုင်းထောင် လေးများ)