ဖိအားများကို မဟာမိတ်များနှင့် ပူးပေါင်း ရင်ဆိုင်သွားမည်ဟု TNLA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။
စစ်ကော်မရှင်နှင့် တရုတ်၏ ဖိအားများအား ရင်ဆိုင်နိုင်ရန် မဟာမိတ် တော်လှန်ရေး အင်အားစုများ၏ အကူအညီ လိုအပ်သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က ပြောသည်။
ဩဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် တအာင်းတပ် PSLF/TNLA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီမြို့တွေကို ထိန်းချုပ်နိုင်ဖို့ ကျမတို့ဘက်ကလည်း ပြင်ဆင်မှုတွေ ထားရှိပါတယ်။ လိုအပ်တဲ့ အကူအညီတွေ လည်း ကျမတို့ဘက်ကနေ ရယူပါတယ်။ ဒီနိုင်ငံရေးမှာပဲ ပြောပြော၊ စစ်ရေးမှာပဲ ပြောပြော မဟာမိတ်ရဲ့ ပူးပေါင်း ပါဝင်မှုကတော့ အရမ်း အရေးကြီးပါတယ်။ ကျမတို့ ဒီအဖွဲ့အစည်း တစ်ဖွဲ့တည်းကတော့ တစ်ချို့ ကိစ္စ တွေမှာ တစ်ဖွဲ့တည်း လုပ်ဖို့ကတော့ နည်းနည်းလေး ခက်ခဲနေတာမျိုးဆိုတော့ အားလုံးကတော့ ဒီမဟာမိတ်ရဲ့ ပူးပေါင်း ပါဝင်မှုတွေနဲ့ပဲ ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်ကော်မရှင်တပ်များက နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ ပြီးနောက် တအာင်းတပ် TNLA ဘက်မှ ယခုကဲ့သို့ ပြောဆိုလာခြင်း ဖြစ်သည်။
စစ်ကော်မရှင်တပ်က နောင်ချိုမြို့တွင် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နေပြီ ဖြစ်၍ နောင်ချို မြို့ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ တအာင်းတပ် TNLA က ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြို့များသို့ ဆက်လက် ထိုးစစ်ဆင်လာနိုင်ကြောင်း စစ်ရေးသုံးသပ်သူများ သုံးသပ်နေကြသည်။
လက်ရှိတွင် နောင်ချို – မိုးကုတ်လမ်းပိုင်း နေရာများတွင် စစ်ကော်မရှင်တပ်များနှင့် တအာင်း TNLA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ၎င်းတို့အနေဖြင့် တော်လှန်ရေး ပန်းတိုင်နှင့် ရည်မှန်းချက်တူသည့် မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိသည်ဟု ဆက်ပြောသည်။
“ကျမတို့နဲ့ တော်လှန်ရေး ပန်းတိုင် ရည်မှန်းချက်တူတဲ့၊ သဘောထား တိုက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ အင်အားစု တွေနဲ့တော့ ပူးပေါင်းဖို့ရှိပါတယ်။ ကျမတို့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁ – ၂) ဖော်ဆောင်နေတဲ့ အချိန်မှာလည်း ဒီတော်လှန်ရေး အင်အားစုတွေကို ဖိတ်ခေါ်တာမျိုးတွေ ရှိပါတယ်။ တစ်ချို့ကလည်း ပါဝင်လာကြသလို တစ်ချို့ ကလည်း ဒီအခြေအနေ အရပ်ရပ်ကြောင့် မပါဝင်နိုင်သေးတာတွေလည်း တွေ့ရပါတယ်။”
တအာင်းတပ်မတော် TNLA အနေဖြင့် ကျန်ရှိနေ မြို့များကို ဆက်လက် ထိန်းချုပ်ထားရန်ရန် လိုအပ်သည့် ပြင်ဆင်မှုများနှင့် အကူအညီများ ရယူသွားမည် ဖြစ်ပြီး မဟာမိတ်အားလုံး၏ ပူးပေါင်းပါဝင်မှုကို ရရှိရန် ဆက်လက် ကြိုးပမ်းနေသည်ဟုလည်း ထုတ်ဖော် ပြောဆိုထားသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ အတွင်း စစ်ကော်မရှင်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တွေ့ဆုံမှု၌ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့ တို့အား ပြန်ပေးရန် စစ်ကော်မရှင်က တောင်းဆိုခဲ့သည်။
ယခု ဩဂုတ်လ အတွင်း၌လည်း တရုတ်၏ ကြားဝင် ဆောင်ရွက်ပေးမှုဖြင့် တအာင်းတပ် TNLA နှင့် စစ်ကော် မရှင်တို့ ထပ်မံတွေ့ဆုံရန်ရှိနေသည်ဟု လွေးယေဦးက အတည်ပြုပြောဆိုသည်။