လကမ္ဘာတွင် နျူကလီးယား ဓါတ်အားပေးစက်ရုံကို တရုတ်နှင့် ရုရှားထက်အရင် အမေရိကန် တည်ဆောက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်။
အမေရိကန်နိုင်ငံက လကမ္ဘာပေါ်တွင် နျူကလီးယား ဓါတ်အားပေး စက်ရုံ တစ်ခုကို တရုတ်နှင့် ရုရှားတို့ထက် အရင် ပြီးအောင် ဆောက်လုပ်သွားမည်ဟု NASA က ထုတ်ဖော် ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံ အစိုးရ၏ အစိတ်အပိုင်း ဖြစ်သော အမျိုးသား လေကြောင်းနှင့် အာကာသ စီမံခန့်ခွဲမှု အဖွဲ့ NASA က ၂၀၃၀ ခုနှစ် မတိုင်မီ လကမ္ဘာပေါ်တွင် Nuclear Reactor ဟု ခေါ်သော နျူးကလီးယား စွမ်းအင်သုံး ဓါတ်အားပေး စက်ရုံကို ရအောင် တည်ဆောက်မည်ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။
၎င်းသည် လကမ္ဘာပေါ်တွင် လူများ အမြဲတမ်းနေထိုင်နိုင်စေရန် ကြိုးပမ်းနေသည့် အမေရိကန် အစိုးရ အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
ဤသို့သော အစီအစဉ်မျိုးကို တရုတ်နှင့် ရုရှားနိုင်ငံတို့ကလည်း ကြိုးစားနေခြင်းဖြစ်ပြီး လကမ္ဘာပေါ်တွင် နျူကလီးယား ဓါတ်အားပေး စက်ရုံတစ်ခုကို ၂၀၃၀ ခုနှစ်များ အတွင်း အပြီးတည်ဆောက်သွားရန် အပြန်အလှန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခဲ့သည်။
ထို့ကြောင့် အမေရိကန်အစိုးရ၏ NASA က တရုတ်နှင့် ရုရှားတို့ထက် လက်ဦးမှုရအောင် စီစဉ်လိုက်ခြင်းလည်း ဖြစ်သည်။
တရုတ်နှင့် ရုရှားက လက်ဦးသွားပြီး လကမ္ဘာပေါ်မှာ အမေရိကန်အတွက် နေရာမရတော့မည်ကို စိုးရိမ်သည်ဟု လက်ရှိ နာဆာအဖွဲ့ကို ဦးဆောင်နေသည့် မစ္စတာ ရှောင်ဒတ်ဖီ (Sean Duffy) က ပြောသည်။
လက်ရှိ နာဆာ၏ ဦးစားပေး လုပ်ငန်းသည် လကမ္ဘာတွင် နျူကလီးယား စွမ်းအင်ထုတ်လုပ်သည့် စက်ရုံ တည် ဆောက်ရေးသာ ဖြစ်သည်ဟု Duffy က ပြောသည်။