ထိုင်းနှင့် ကမ္ဘောဒီးယား အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။ 

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား နယ်စပ်ပြဿနာနှင့် ပတ်သက်သည့် သဘောတူစာချုပ် တစ်ခုကို မလေးရှားနိုင်ငံတွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ 

သဘောတူညီချက်တွင် အဓိက အချက် ၁၃ ချက် ပါဝင်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။ 

သုံးရက်အကြာ အရာရှိအဆင့် ဆွေးနွေးပွဲများ အပြင်းအထန် ပြုလုပ်ပြီးနောက် ယမန်နေ့ (ကြာသပတေးနေ့) တွင် GBC ဟု ခေါ်သော အထွေထွေ နယ်စပ် ကော်မတီ အစည်းအဝေးကို မလေးရှားနိုင်ငံတွင်  ကျင်းပပြီး သဘောတူညီချက်များကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

သဘောတူညီချက်များတွင် အောက်ပါ အချက်များ ပါဝင်သည်။ 

–       ချက်ချင်းနှင့် ချွင်းချက်မရှိ အပစ်အခတ်ရပ်စဲထားရန်

–       အရပ်သားများအား အကာအကွယ်ပေးရေး အစီအစဉ်များကို လုပ်ဆောင်သွားရန်

–       နှစ်ဖက်တပ်ဖွဲ့များ အင်အားဖြည့်တင်းခြင်းနှင့် လှုပ်ရှားခြင်းများ ရပ်ဆိုင်းထားရန် 

–       စစ်ကြောင့် ရွှေ့ပြောင်းရသော သူများ နေရပ်ပြန်ရေးကို အကူအညီပေးရန်

–       ဆက်သွယ်ရေး လျင်မြန်ရန်နှင့် ပဋိပက္ခများကို အလျင်အမြန် ဖြေရှင်းနိုင်ရန် တစ်ဘက်ကို ၄ ဦးစီ ပါဝင်သော ပူးတွဲ ဆောင်ရွက်ရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားရန်၊ 

–       သဘောတူညီချက်များကို မဖောက်ဖျက်ဘဲ လိုက်နာရန် စသည့် အချက်များ ပါဝင်သည်။ 

သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ထိုင်းနိုင်ငံက လက်ရှိကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Nattaphon Narkphanit က ဦးဆောင်ပြီး ကမ္ဘောဒီးယား ဘက်က ဗိုလ်ချုပ်ကြီး Tea Seiha က လက်မှတ်ရေးထိုးသည်။ 

လက်မှတ်ရေးထိုးပွဲကို တရုတ်၊ အမေရိကန်နှင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားတို့က သက်သေ အဖြစ် ပါဝင်ခဲ့ကြသည်။