တရုတ်၏ မြေရှား ချုပ်ကိုင်မှုကို ဩစတေးလျက ပြောင်းလဲရန် ကြိုးပမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။
အမေရိကန်ပြည်ထောင်စုတွင် သမ္မတ ဒေါ်နယ်ထရန့် အာဏာရလာပြီးနောက် ကမ္ဘာတဝှမ်း အမေရိကန်၏ အကျိုးစီးပွားများကို ဖော်ဆောင်လာခဲ့သည်။
ကုန်သွယ်ဘက် နိုင်ငံများကိုလည်း တစ်နိုင်ငံ ချင်းအလိုက် ကုန်သွယ်ခွန်များ တိုးမြှင့် ကောက်ခံဖို့ ကြိုးစား ခဲ့သည်။
အမေရိကန်က ကုန်သွယ်ခွန် တိုးမြှင့်လိုသည့် နိုင်ငံများတွင် တရုတ်နိုင်ငံလည်း အပါအဝင် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်က တရုတ် ပို့ကုန် ပစ္စည်းများကို အခွန်တိုးကောက်ရန် ပြောဆိုခဲ့သည်။
ယင်းကို တရုတ်က အညံ့မခံခဲ့ဘဲ မြေရှားသတ္တု တင်ပို့မှုကို ရပ်ဆိုင်းခဲ့သည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာအနှံ့ မြေရှား သတ္တုများ ပြတ်လပ်သွားခဲ့သည်။
အမေရိကန်၏ ဒုတိယ အကြီးဆုံး မော်တော်ကား ကုမ္ပဏီဖြစ်သော ဖို့ဒ် Ford ကုမ္ပဏီက လူကြိုက်များလှသော Explorer SUV ကားထုတ်လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။
မြေရှား သတ္တု ပြတ်တောက်မှုကြောင့် ဖြစ်ကြောင်း နောက်ပိုင်းတွင် Ford က ဝန်ခံခဲ့ရသည်။
အလားတူပင် ဥရောပက ကုန်ထုတ်လုပ်မှု လုပ်ငန်း အများအပြားလည်း အခက်ကြုံခဲ့ကြရသည်။
တရုတ်က မြေရှား သတ္တုကို ဝှက်ဖွဲ တစ်ချပ်ကဲ့သို့ မဟာဗျူဟာမြောက် လက်နက်အဖြစ် ကိုင်တွယ်ထားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှား သတ္တု ထုတ်လုပ်မှု ထက်ဝက်ကျော်ကို ချုပ်ကိုင်ထားပြီး ၉၀ ရာခိုင်နှုန်းကျော်ကို သန့်စင်မှု လုပ်ဆောင်လျက်ရှိသည်။
တရုတ်က မြေရှားသတ္တု တင်ပို့မှု ပိတ်ပင်လိုက်သည့် အခါတွင် တကမ္ဘာလုံးရှိ ကုန်ထုတ်လုပ်ငန်းများ အတွက် စိန်ခေါ်မှုကြီး ဖြစ်လာခဲ့သည်။
မြေရှားသတ္တုဆိုသည်မှာ ဓါတုဗေဒ ပညာရပ်မှ ဗေလင်စီ ဇယားတွင် ထိပ်ဆုံးတွင်ရှိသော သတ္တု ၁၇ မျိုး ပါဝင် သည်။
ယင်းတို့မှာ ခိုင်ခန့်ပြီး အပူဒဏ် ခံနိုင်ရည် မြင့်သောကြောင့် ကုန်ပစ္စည်း အများအပြားအတွက် မရှိမဖြစ် သတ္တုများ ဖြစ်ကြသည်။
သို့သော်လည်း တရုတ်၏ မြေရှား သတ္တုအပေါ် လက်ဝါးကြီးအုပ်မှုကို ဖြေလျော့စရာ အခြေအနေများလည်း ဖြစ်ပေါ်လျက်ရှိသည်။
ဩစတေးလျနိုင်ငံက မြေရှား သတ္တုကဲ့သို့ သတ္တုများ သန့်စင်ထုတ်လုပ်မှုအတွက် ဒေါ်လာ ၁ ဘီလီယံ ကျော် (ဩစတေးလျ ဒေါ်လာ ၁.၆၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံ့ လိုက်ပြီး တရုတ်၏ လက်ဝါးကြီးအုပ်မှုကို စိန်ခေါ်လိုက်ပြီ ဖြစ်သည်။
(Iluka Resources) အီလူကာအရင်းအမြစ် ကုမ္ပဏီသည် ကြွေထည်များ ထုတ်လုပ်ရာတွင် လိုအပ်သော Zircon သတ္တုနှင့် သုတ်ဆေး၊ ပလပ်စတစ်နဲ့ စက္ကူ ထုတ်လုပ်ရာမှာ အသုံးပြုသော တိုက်တေနီယမ်ကို ထုတ်လုပ်သော ဩစတေးလျ ကုမ္ပဏီတစ်ခု ဖြစ်သည်။
ထို ထုတ်လုပ်မှုများက ထွက်လာသော ဘေးထွက်ပစ္စည်းများကို နှစ်ပေါင်းများစွာ စုပုံ ထားခဲ့သည့်အတွက် ဩစတေးလျနိုင်ငံ Perth မြို့အနီးရှိ ကျောက်တုံး ကန္တာရထဲက သဲပုံကြီးကဲ့သို့ ဖြစ်နေခဲ့သည်။
အီလူကာ၏ အဆိုပါ စွန့်ပစ်ပစ္စည်းများတွင် ပါဝင်သော dysprosium နဲ့ terbium တို့သည် မြေရှားသတ္တုများ တွင် ပါဝင်သော ရှားပါးသည့် သတ္တုများ ဖြစ်သည်။
သို့သော်လည်း ယင်းတို့ကို သန့်စင်ရန် လိုအပ်နေသေးသည်။ ထို့ကြောင့် ဩစတေးလျား အစိုးရက အီလူကာကို ဩစတေးလျား ဒေါ်လာ ၁.၆၅ ဘီလီယံ ထုတ်ချေးပေးပြီး အဆိုပါ မြေရှား သဲပုံကြီးကို သန့်စင်ရန် ရင်းနှီးမြှုပ်နှံ ခဲ့သည်။
သို့သော်လည်း သန့်စင်ပြီး မြေရှား သတ္တုများ ထွက်လာရန် ၂ နှစ်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းသည်။
နှစ်နှစ်ကြာလာသည့် အချိန်တွင် ဩစတေးလျသည် တရုတ်၏ မြေရှားသတ္တု လက်ဝါးကြီးအုပ်မှုကို ဗျူဟာ မြောက် ဟန့်တားမည့် နိုင်ငံ ဖြစ်လာနိုင်မည် ဖြစ်သည်။
၂၀၃၀ ခုနှစ်တွင် အနောက်နိုင်ငံများ လိုအပ်သည့် မြေရှားသတ္တု၏ သိသာထင်ရှားသော ပမာဏ တစ်စိတ် တစ်ပိုင်းကို ဖြည့်စည်းသွားနိုင်ရန် မျှော်လင့်ထားသည်ဟု အီလူကာ၏ မြေရှားသတ္တု ထုတ်လုပ်ရေးတာဝန်ခံ Mr. McGrath က ပြောသည်။