စစ်မှုထမ်း စုဆောင်းခံရသူ သေဆုံးပြီး ၆ လကြာမှ နာရေး လုပ်ခွင့်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။ 

စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူ တစ်ဦး သေဆုံးပြီး ၆ လအကြာမှ နာရေးလုပ်ခွင့်ရသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသူ တစ်ဦးမှာ ရှေ့တန်းစစ်မြေပြင် တွင် သေဆုံးပြီးနောက် ၆ လအကြာမှ မိသားစုဝင်များက သတင်းသိရခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြော သည်။

တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ် ကိုချမ်းမြေ့အောင် (ခ) အောင် အောင် ဆိုသူအား ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် ရောက်မှသာ ထွေအုပ်စာရေး မအိ ဆိုသူက အကြောင်းကြား လာသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် နာရေးပြုလုပ်ခဲ့သည်ဟု ဆိုသည်။

သေဆုံးသူနှင့် နီးစပ်သည့် လမ်းမတော်ရပ်ကွက်နေ ပြည်သူတစ်ဦးက လားရှိုးဘက်မှာ ကျတယ်လို့ ပြောတယ်။ သူ့ကို စစ်မှုထမ်းကြေး လာပေးတော့ သူ့အမေက သူ့သားနဲ့ ဘာမှ မလဲနိုင်ဘူးဆိုပြီး မယူဘူး။ လက်မှတ်လည်း မထိုးဘူး။ အဲ့ဒါကို အတင်းပိုက်ဆံ ထိုးထည့်ပြီး သားကို ခေါ်သွားတာ။ ပိုက်ဆံ မလိုက်နိုင်တာလည်း ပါတာပေါ့ဟု ပြောသည်။

သေဆုံးသူမှာ စစ်မှုထမ်း အပတ်စဉ် ၁ အတွင်း စုဆောင်းခံခဲ့ရပြီး ရပ်စောက်မြို့၊ ဗထူးတပ်မှ တဆင့် ဟိုပုံးမြို့ တွင် ရပ်တိုသင်တန်းပေးကာ စစ်ကော်မရှင်တပ်က ရှေ့တန်းစစ်မြေပြင်သို့ တိုက်ရိုက် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကိုချမ်းမြေ့အောင် မသေဆုံးခင်က ရပ်ကွက်မှ စုပေါင်းထည့်ဝင်ကြသည့် စစ်မှုထမ်းကြေး သိန်း ၅၀ ကိုလည်း လမ်းမတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေး မအိတို့က လာဘ်ယူထားပြီးနောက် ၎င်း၏ မိသားစုဝင်များကို ကျပ် ၈ သိန်းသာ ပေးခဲ့သည်ဟု ဆိုသည်။

သေဆုံးသူနှင့် ဆွေမျိုးနီးစပ်သူ တစ်ဦးက ရပ်စောက်ပြီး ဟိုပုံးတန်းရောက်တာ။ နောက်ဆုံး အဆက်အသွယ် ရတာတော့ လားရှိုးမှာ။ အမေရယ် သားတော့ ပြေးနေရပြီဆိုပြီး ဖုန်းကျသွားတာ ဟု ပြောသည်။

အလားတူ တောင်ကြီးမြို့ရှိ ကျောင်းကြီးစု၊ ရတနာသီရိ၊ ကံသာ၊ စိန်ပန်း၊ ညောင်ဖြူစခန်း၊ ချမ်းမြသာစည် စသည့် ရပ်ကွက်များမှ စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသူများမှာလည်း သေဆုံးပြီး လပိုင်းခန့်ကြာမှသာ မိသားစုဝင်များက သိရှိခဲ့ရသည်ဟု မြို့နေ စစ်မှုထမ်းအကြုံးဝင်သည့် လူငယ်များက ပြောသည်။ 

တောင်ကြီးမြို့သည် လက်ရှိတွင် စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားပြီး မြို့တွင်း၌ နယ်မြေတည်ငြိမ်နေသော် လည်း စစ်မှုထမ်းအတွက်မူ မကြာခဏ စုဆောင်းခံနေကြရသည်ဟု လွတ်မြောက်နယ်မြေရောက် မြို့ခံလူငယ် များက ပြောဆို သုံးသပ်နေကြသည်။