ဝက်လက်နှင့် စစ်ကိုင်း မြို့နယ် အစပ်ကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်မှု လုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီးထဲရှိ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်အစပ်ကို စစ်ကော်မရှင်တပ်က မြေပြင်မှ စစ်ကြောင်းများထိုးနေသည့် အပြင် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်အစပ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေသည်မှာ တစ်လခန့် ကြာလာပြီ ဖြစ်သည့် အပြင် ယခုရက်ပိုင်းတွင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်ဟု ဆိုသည်။

 သူတို့က နေ့စဥ် ရက်ဆက်ပဲ ရက်တောင် မခြားဘူး။ တိုက်ပွဲဖြစ်တဲ့ နေရာတွေ ပစ်တယ်။ တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေလည်း ပတ်ပစ်တယ်။ ထိခိုက် မှုတွေလည်း ရှိတယ်။ သေဆုံးမှုတွေလည်း ရှိတယ်။ ဝက်လက်မှာတော့ ထိခိုက်ဒဏ်ရာရကြတာ။ စစ်ကိုင်းမှာ တော့ သေဆုံးမှုတွေပါ ရှိနေတာ ဟု ဝက်လက် သတင်း ကွန်ရက် (Wetlet Informational Network) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောများ ဆန်တက်ပြီးချိန်မှ စတင်ကာ စစ်ကော်မရှင်တပ်၏ မြေပြင်စစ်ကြောင်းများ လှုပ်ရှားလာခြင်း ဖြစ်ပြီး မြစ်ကမ်းဘေးမှ ကျေးရွာများကို နယ်မြေ ရှင်းလင်းရေးပုံစံဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို နေ့စဥ်မပြတ် လေကြောင်း အသုံးပြု တိုက်ခိုက်နေခြင်းဖြစ်သည်ဟု Wetlet Informational Network အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် မြေပြင်မှ စစ်တပ် စစ်ကြောင်း မလှုပ်ရှားနိုင်အောင် တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သဖြင့် နှစ်ဖက်ကြား မြေပြင်တွင်လည်း အပြန်အလှန် ထိတွေ့မှုများရှိနေသည်ဟု စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

စစ်တပ်၏ စစ်ရေး လှုပ်ရှားမှု အခြေအနေနှင့် ပတ်သက်၍ စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ကျနော်တို့ သတင်းရတာကတော့ ဧရာဝတီ မြစ်ကမ်းတစ်လျှောက်ကို စစ်ကြောင်း ထိုးမယ်လို့ သတင်းရတယ်။ လက်ရှိ သူ တို့ ထိုးနေတဲ့ ပုံစံကလည်း အဲ့တိုင်းပဲ။ ကားလမ်းပေါ်ကို မတက်ဘဲနဲ့ မြစ်ရိုး တစ်လျှောက်ပဲ ထိုးနေတာဗျ။ မြေ ပြင်တိုက်ပွဲကလည်း မပြင်းထန်ဘူးဗျာ။ မြေပြင်စစ်ကြောင်း မတိုးနိုင်အောင်လောက်ပဲ ကာထားတာ ရှိတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပြင်းထန်နေတာမျိုးတော့ မရှိဘူးဗျဟု ပြောသည်။

ထိုစစ်ကော်မရှင် စစ်ကြောင်းမှာ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု စစ်ရေးလှုပ်ရှားမှု မတိုင်ခင်က အဆိုပါ စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ် မင်းကွန်းဘုရား ရှိရာ ဒေသ တစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားခဲ့ကြသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ထို့ကြောင့် မြေပြင်စစ်ကြောင်းအပြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှု မြင့်တက်လာနေသောကြောင့် ဒေသခံ အရပ်သားများ အနေဖြင့် လေကြောင်းအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ကြရန် ကာကွယ် ရေး တပ်ဖွဲ့များက တိုက်တွန်းထားသည်။

ယခု ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ လဝက်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင် အပါအဝင် အခြား တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၈၆ ဦး သေဆုံးခဲ့ပြီး ၁၆၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထား သည်။