တရုတ်နိုင်ငံက ခေတ်သစ်စစ်ပွဲအတွက် သုံးစွဲနိုင်မည့် ပြည်တွင်းဖြစ် လက်နက်များ ပြသမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
တရုတ်နိုင်ငံသည် လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားတွင် ပြည်သူ့ လွတ်မြောက် ရေး တပ်မတော် PLA ၏ ခေတ်မီ လက်နက်များကို ထုတ်ပြမည်ဟု ကြေညာလိုက်သည်။
လက်နက်များအားလုံးသည် တရုတ်ပြည်တွင်း ထုတ်များသာ ဖြစ်မည်ဟု ဆိုသည်။
၂၀၁၉ ခုနှစ် အမျိုးသားနေ့တွင် လုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနား နောက်ပိုင်း ထုတ်လုပ်သည့် ခေတ်မီ မျိုးဆက်သစ် လက်နက်များကို ပြသသွားမည်ဟု စစ်ရေးပြ အခမ်းအနား ကျင်းပရေးရုံးမှ ဗိုလ်ချုပ် Wu Zeke က ပြောသည်။
မျိုးဆက်သစ် လက်နက်များထဲ ထူးထူးခြားခြား ပါဝင်မည့် လက်နက်များကိုလည်း ပွဲကျင်းပရေး ဆိုင်ရာ ဗိုလ်ချုပ်ဝူက ပြောပြထားသည်။
ပထမ အဆင့်တွင် တင့်ကား အသစ်များ၊ လေယာဉ်တင် သင်္ဘောတွင် သုံးနိုင်သည့် လေယာဉ်များ၊ တိုက်လေယာဉ်များ ပါဝင်မည်ဟု ဆိုသည်။
ဒုတိယအနေဖြင့် လူမပါသည့် လက်နက်များနှင့် ဉာဏ်ရည်မြင့် နည်းပညာသုံး လက်နက်ပစ္စည်းများ ဖြစ်သည့် မောင်းသူမဲ့ လေယာဉ်များ၊ တန်ပြန်တိုက်ခိုက်ရေး ဒရုန်းများနှင့် အီလက်ထရောနစ် လက်နက်များ ပါဝင်သည်ဟု ဆိုသည်။
ဒရုန်း အသစ်များ၊ အီလက်ထရောနစ် ဂျမ်မာများ ပါဝင်ပြီး ခေတ်သစ်စစ်ပွဲများ အတွက် တရုတ်၏ စွမ်းဆောင် ရည်ကို ပြသမည်ဟု ဆိုသည်။
တတိယ အမျိုးအစားများထဲတွင် အသံထက် မြန်သည့် ဒုံးကျည်များ၊ သင်္ဘောဖျက် လက်နက်များ၊ လေကြောင်း ကာကွယ်ရေး စနစ်များနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များ ပါဝင်မည်ဟု ဆိုသည်။
ဒီ စစ်ရေးပြ အခမ်းအနားကို ဒုတိယကမ္ဘာစစ် ဂျပန်စစ်တပ် လက်နက်ချခြင်း နှစ် ၈၀ မြောက် အခမ်းအနား အနေဖြင့် ပြုလုပ်သွားမည်ဟု ဆိုသည်။