ဒရုန်းဗုံးသီး ကျကွဲမှုကြောင့် စစ်ကော်မရှင် တပ်သားများနှင့် လှေလုပ်သား ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။ 

ပုလောမြို့ရှိ ဆိပ်ကမ်းတွင် ဒရုန်းဗုံးသီး လွတ်ကျ၍ စစ်ကော်မရှင် တပ်သားအချို့နှင့် လှေလုပ်သား ၃ ဦး သေဆုံးခဲ့သည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့ရှိ ဆိပ်ကမ်းတွင် ငါးဖမ်းစက်လှေပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် အချို့ နှင့်လှေပိုင်ရှင် အပါအဝင် လှေလုပ်သား သုံးဦးတို့ သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

အမှတ် ၂ ရပ်ကွက်နေထိုင်သူ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ဂျိမ်းဆိုပြီး ပေါက်ကွဲသံက အတော် လေး ကျယ်တယ်၊ လှေပါ မြှုပ်သွားတာ။ အလောင်းတွေကို ပြန်ရှာနေတုန်းပါပဲ၊ အကုန်လုံး ရှာတာ မတွေ့ကြ သေးဘူး၊ လှေထဲမှာ ပါလာတဲ့ စစ်သားတွေလည်း သေကုန်တာ အများကြီးပဲလို့ သိရတယ် ဟု ပြောသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

မြိတ်မြို့မှ ငါးဖမ်းစက်လှေဖြင့် သယ်ဆောင်လာသော လက်နက်ခဲယမ်းများကို အမှတ် ၂၈၅ ခြေလျင်တပ်ရင်းသို့ ပို့ဆောင်ရန် ပုလောဆိပ်ကမ်း တံတားတွင် ကမ်းပေါ်သို့တင်ချိန် ဒရုန်းဗုံးသီး မတော်တဆ လွတ်ကျ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ပုလောမြို့နယ်ခံ လှေပိုင်ရှင် တစ်ဦးနှင့် လှေလုပ်သားနှစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ ပြီး စစ်ကော်မရှင် အရာရှိတစ်ဦးနှင့် အခြားအဆင့် နှစ်ဦး စုစုပေါင်း ရုပ်အလောင်း သုံးလောင်းကို ရရှိထားသည် ဟု မြို့ခံတစ်ဦးက ဆိုသည်။

အခြား စစ်ကော်မရှင် တပ်သားများ၏ အလောင်းများကို ရှာမ‌တွေ့သေးသည့် အပြင် ဆိပ်ကမ်းတွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်ဖွဲ့အချို့လည်း  ထိခိုက်မှုရှိခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ထို့အပြင် နစ်မြုပ်သွားသည့် စက်လှေနှင့်အတူ စစ်ကော်မရှင် တပ်ဖွဲ့ဝင် အလောင်းများ၊  လက်နက်ခဲယမ်းများ ကို ရေငုပ်၍ ပြန်လည် ဆယ်ယူရှာဖွေနေကြသည်ဟု ဆိုသည်။

စစ်ကော်မရှင် တပ်ဖွဲ့က မြိတ်မြို့မှ ပုလောမြို့သို့ လက်နက်ခဲယမ်းများကို ငါးဖမ်းစက်လှေနှင့် ကင်းမွန်မီးထွန်း လှေများကို အသုံးပြု၍ ပို့ဆောင်နေခြင်းဖြစ်ကြောင်း ပုလောဒေသခံအချို့က ပြောသည်။ 

စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ရက်ရှည် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသဖြင့် မြိတ် – ရန်ကုန်သွား ကားလမ်းမကြီးကို ပိတ်ထားရသည်ဟု ခရီးသည် တင် ယာဥ်မောင်းများက ပြောသည်။