စစ်ကော်မရှင်က လုပ်မည့် ရွေးကောက်ပွဲကို လုံးဝလက်မခံဟု KNU ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

စစ်ကော်မရှင်က လုပ်မည့် ရွေးကောက်ပွဲမှာ စစ်တပ်ကို အကျိုးပြုမည့် လူနှင့် ပါတီရွေးပွဲဖြစ်သည်ဟု ကရင် အမျိုးသား အစည်းအရုံး KNU က ဩဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

ထို့အပြင် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု အနေဖြင့် အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ ဖြစ်သွားနိုင် သောကြောင့် စစ်ကော်မရှင် ၏ ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနှင့် ရှောင်ရှားနိုင်ကြဖို့လည်း KNU က တိုက်တွန်းထားသည်။

စစ်တပ်က ဦးဆောင်ပြီး လုပ်မည့် အဆိုပါ ရွေးကောက်ပွဲမှာ အတုအယောင် ရွေးကောက်ပွဲဖြစ်သည့်အတွက် လုံးဝ လက်မခံကြောင်း KNU ဗဟိုက ဆိုသည်။

ထိုရွေးကောက်ပွဲမှာ ဥပဒေကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံး ပါဝင်နိုင်သည့် အခြေအနေတွင် မရှိခြင်းနှင့် လိုသလို အဖြေထုတ်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် KNU အနေဖြင့် လုံးဝလက်မခံဘူးဟု ဆိုသည်။

စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက် လုပ်သော ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံတွင်း ပဋိပက္ခကို ပိုမို ပြင်းထန်လာစေရုံ သာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်ဖြစ်စေမည်ဟု KNU က ထောက်ပြထားသည်။

အလားတူ စစ်ကော်မရှင်က ပြဌာန်းထားသော ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကလည်း ပြည်သူလူထုကို အကြောက်တရားများ ရရှိစေရန် ခြိမ်းခြောက်ထား သည့် ဥပဒေများသာ ဖြစ်သည်ဟု KNU က ဆိုသည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲ လုပ်ရန် အတင်းအကျပ် ပြင်ဆင်ကြိုးစားနေခြင်းက အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် မျက်ကွယ်ပြုခြင်းလည်း ဖြစ်သည်ဟု KNU က ဆိုသည်။