ထိုင်း Canon စက်ရုံ ရွှေ့ပြောင်းမှု အလုပ်သမားများ အလုပ် ဆက်ပေးသွားမည်ဟု ကုမ္ပဏီ ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင်ရှိ Canon ကုန်ထုတ် စက်ရုံကို လုပ်ငန်းလျော့ချသည့် အနေဖြင့် ရုံးချုပ်ရှိရာ အယုဒ္ဓယသို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း Canon ကုမ္ပဏီက ကြေညာသည်။
ထုတ်လုပ်မှု လုပ်ငန်းများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စတင်ပြောင်းရွှေ့မည် ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇွန်လတွင် အပြီးသတ်မည်ဟု Canon ကုမ္ပဏီက ကြေညာထားသည်။
လုပ်ငန်းလျော့ချ ပြောင်းရွှေ့မည် ဖြစ်သော်လည်း အယုဒ္ဓယရှိ စက်ရုံသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိသော အလုပ်သမား များကို ရွှေ့ပြောင်းခွင့် ပေးသွားမည် ဖြစ်ပြီး အလုပ်သမားများကို ဆက်လက်ထားရှိမည်ဟု Canon က ကြေညာ သည်။
ဈေးကွက် အနေအထား ပြောင်းလဲမှုကြောင့် ထိရောက်သည့် လုပ်ငန်း လည်ပတ်မှု ရှိစေရန်အတွက် နှစ်နေရာ ခွဲထားသည့် စက်ရုံများကို တစ်နေရာတည်းတွင် ပြန်လည် စုစည်းမည် ဖြစ်ကြောင်း Canon က ဆိုသည်။
Nakhon Ratchasima ခရိုင်ရှိ Canon စက်ရုံသည် Inkjet ပရင်တာများနှင့် စက္ကူထည့်သွင်းသည့် ပစ္စည်းများကို အဓိက ထား ထုတ်လုပ်သည်။
ထိုင်းနိုင်ငံ အလုပ်သမားရေးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် စာရင်းများအရ Nakhon Ratchasima ခရိုင်တွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား သောင်းနှင့် ချီပြီး အလုပ် လုပ်ကိုင်လျက် ရှိသည်။