ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ရေးသည်ဟု ဆိုကာ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၇ နှစ် ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
ရွေးကောက်ပွဲ ပျက်အောင် လူမှုကွန်ရက်မှာ လှုံ့ဆော်မှုဖြင့် ရှမ်းပြည်၊ တောင်ကြီးမြို့၊ အေးသာယာက အမျိုးသား တစ်ဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံလိုက်ရသည်။
ယခုလုပ်ရပ်မှာ ရွေးကောက်ပွဲ ဥပဒေ အသစ်ကို သုံးပြီး စစ်ကော်မရှင်က ဖိနှိပ်မှု စတင်လိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။
တောင်ကြီးမြို့နယ် တရားရုံးကနေ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု စစ်ကော်မရှင်က စက်တင်ဘာလ ၁၀ ရက်နေ့ သတင်းစာတွင် ထုတ်ပြန်ထားသည်။
ထောင်ချ ခံလိုက်ရသောသူမှာ “Lashio Baegyi” အမည်ဖြင့် Facebook လူမှုကွန်ရက် စာမျက်နှာ၌ အကောင့် ဖွင့်ထားသူ အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဆိုသူ ဖြစ်သည်။
ဩဂုတ်လ ၂၅ ရက်နေ့က “မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ စောက်လုံးပါရင် သေချာ ကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လို အကျိုးပြုရမလဲ စဉ်းစား၊ အလကားနေ ဘာမှ စောက်ဖြစ် မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့…” ဟု ရေးသား ဖြန့်ဝေထားသည်ဟု စစ်ကောင်စီ သတင်းစာက ဆို သည်။
ထိုသို့ ရေးသားခြင်းမှာ ရွေးကောက်ပွဲကို ပျက်စီးစေအောင် ရည်ရွယ်ပြီး လုပ်ဆောင်မှု ဖြစ်သောကြောင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၃-က အရ အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ အမှုကို တောင်ကြီးမြို့နယ် တရားရုံးက လက်ခံ စစ်ဆေးပြီးနောက် ပြစ်မှုထင်ရှားသောကြောင့် ထောင် ဒဏ် ၇ နှစ် ဆိုသည့် ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။