မွန်နှင့် တနင်္သာရီ လေကြောင်းတိုက်ခိုက်မှု ကလေးများအပါအဝင် ၅ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မွန်ပြည်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အရပ်သားကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။
ထိုသို့ ရက်စက်သော တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရ ခဲ့ရပြီး၊ ရာနှင့်ချီသော ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကေအဲန်ယူ (KNU) တပ်မဟာ (၁) နယ်မြေဖြစ်သည့် မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်အနောက်ကျေးရွာ သည် အောက်တိုဘာ ၉ ရက်နေ့၊ ည ၈ နာရီ ဝန်းကျင် အချိန်တွင် စစ်ကော်မရှင်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကို ခံခဲ့ရသည်။
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့် အရပ်သားပစ်မှတ်ကို တိုက်ရိုက် ပစ်မှတ်ထားခဲ့ခြင်းကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၅ ဦးအထိ သေဆုံးခဲ့ပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက အတည်ပြုပြောဆိုသည်။
နောက်တစ်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၀ ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းတွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက တကူကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။
အဆိုပါ ဗုံးသည် ကျေးရွာထဲသို့ တိုက်ရိုက်ကျရောက်ခဲ့ရာ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိ ခဲ့သည်။
ထို့ပြင် တကူကျေးရွာရှိ မီးသတ်ရုံး အဆောက်အအုံလည်း ဗုံးထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့သည်။
ယခုကဲ့သို့ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက် ခိုက်မှုများကြောင့် တနင်္သာရီနှင့် ထားဝယ်မြို့နယ်ထဲရှိ ကျေးရွာပေါင်းများစွာမှ ရာနှင့်ချီသော ဒေသခံ ပြည်သူများ သည် မိမိတို့၏ နေအိမ်များမှ စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
စစ်ဘေးရှောင်များ အနေဖြင့် အရေးပေါ် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အပါအဝင် အခြေခံ လူသား ချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း အကူအညီပေးနေသူများက ပြောသည်။