ပဋိပက္ခဆက်နွယ် လိင်အကြမ်းဖက်မှု ပိုများလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုများလာဟု အမျိုးသမီး အဖွဲ့အစည်းများ ထောက်ပြလိုက်သည်။

နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် အမျိုးသမီးများသည် ဥပဒေ အကာအကွယ်မဲ့သည့် ပဋိပက္ခ နှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ပိုမိုများပြားလာကြောင်း အမျိုးသမီးအဖွဲ့အစည်း များက ထုတ်ဖော်ပြောကြားသည်။

မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ၏ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ယခုနှစ် စက်တင်ဘာလ အတွင်း ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သည့် ဒေသများနှင့် စစ်ကော်မရှင်၏ ထိန်းချုပ်မှု အားနည်းသည့် ဧရိယာ များတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြောင့် သေဆုံးမှုအထိ ဖြစ်ပွားလေ့ရှိကြောင်း ကရင်နီ အမျိုးသမီး အစည်းအရုံး (KNOW) မှ မော်ဖရေးမြာက ပြောသည်။

၎င်းက ဒီပဋိပက္ခကာလအတွင်းမှာ စစ်တပ်ကနေ မဟုတ်လို့ရှိရင်လည်း စစ်ကောင်စီနဲ့ ဆက်နွယ်ပြီးတော့ အရပ်ဝတ်ပုံစံမျိုးတွေနဲ့ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ အကြမ်းဖက်တာ၊ အုပ်စုလိုက် မုဒိမ်း ကျင့်တာ အဲ့လိုမျိုးတွေလည်း လွယ်လင့်တကူ ပိုဖြစ်လာတယ် ဟု ပြောသည်။

လက်နက်အားကိုးခြင်း၊ အင်အားကြီးသူက အားနွဲ့သူအပေါ် အာဏာပါဝါပြပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်းများ ပိုမိုဖြစ်ပွားနေသည်ဟုလည်း ၎င်းက ထောက်ပြသည်။

စစ်ပဋိပက္ခကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ နည်းအမျိုးမျိုးဖြင့် ပိုမိုများပြားလာရာ အထူးသဖြင့် အမျိုးသမီးငယ်များနှင့် အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု သိသိသာသာ ကင်းမဲ့လာရကြောင်း အမျိုးသမီးအဖွဲ့အစည်းများက ပြောသည်။

ကျူးလွန်ခံရသည့် အမျိုးသမီးများအနေဖြင့် တိုင်ကြားရမည့်နေရာများအား သိရှိသော်လည်း လက်ရှိတွင် ရဲ အပါအဝင် ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းများသည် စစ်ကော်မရှင် အောက်တွင် ရှိနေခြင်းကြောင့် တိုင်ကြားမှု ပြုလုပ်ပါက မိသားစုနှင့် ပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်ခံရမည့် အန္တရာယ်များ ပိုမိုများပြားလာသည်ဟု မော်ဖရေးမြာက ပြောသည်။

အခု ကာလ အနေအထားနဲ့က ၁၀၀ ရာခိုင်နှုန်း အကာအကွယ် ပုံစံမျိုးကတော့ သိပ့်မရှိတဲ့အနေအထားမှာ တိုင်ကြားမှုတွေက သိပ့်မရဲကြတဲ့ အနေအထားမျိုး ဖြစ်နေကြောင်း ထောက်ပြသည်။

ကျူးလွန်သူ၏ အာဏာပါဝါနှင့် ရာထူးအရ တိုင်ကြားလိုက်၍ လူသိများလာပါက ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ခြိမ်းခြောက်ခံရခြင်းများကြောင့်ပင် တိုင်ကြားလိုစိတ် ပျောက်ဆုံးသွားရသည်များ ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ထို့ကြောင့် မည်သည့်အဖွဲ့အစည်း၊ တပ်ရင်းတပ်ဖွဲ့နှင့် မည်သူမဆို ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမြတ်ထုတ် စော်ကားမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကို ကျူးလွန်ပါက တရားမျှတမှု အတွက် အရေးယူနိုင်ရန် ပူးပေါင်းပါဝင်ကြဖို့ ၎င်းက တိုက်တွန်းထားသည်။

တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များ အတွင်း စစ်ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မရှိစေရေးအတွက် အမျိုးသမီး အဖွဲ့အစည်းများက အစဉ်အမြဲ တွေ့ဆုံအကြံပြု တိုက်တွန်းနေရသည်ဟု ဆိုသည်။

၎င်းတို့၏ တောင်းဆိုချက်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းမူဝါဒများ ရေးဆွဲရာတွင် အမျိုးသမီးများအား အကာအကွယ်ပေးမည့် မူဝါဒ၊ ဥပဒေပြဋ္ဌာန်းချက်နှင့် စည်းကမ်းချက်များကို မဖြစ်မနေ ထည့်သွင်း အကျုံးဝင်စေ ရန် ဖြစ်ကြောင်း မော်ဖရေးမြာက ပြောသည်။

ပဋိပက္ခနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေကို ပပျောက်ဖို့အတွက် အကာအကွယ်ပေးဖို့အတွက် ဆိုတာက လည်း ပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ အခြေခံ သဘောတရားနားလည်မှ ဘယ်လိုဟာမျိုးကိုတော့ စစ်ပဋိပက္ခနဲ့ ဆက် နွယ်နေတဲ့ အကြမ်းဖက်မှု မြောက်ပါတယ်ဆိုတဲ့ဟာ တွေ့ဆုံပြီး လုပ်ရတဲ့အနေအထားမျိုးလည်း သွားရတယ်။ 

စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အပြင် စစ်တပ်၏ နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည်။

BWU ၏ မှတ်တမ်းများအရ စက်တင်ဘာလအတွင်း စစ်ကော်မရှင်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကိုယ်ဝန်ဆောင်နှင့် မိန်းကလေးငယ်များ အပါအဝင် အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၇ ဦး ရှိခဲ့သည်။

ဓာတ်ပုံ – Women Alliance Burma – အမျိုးသမီးမဟာမိတ်အင်အားစု (ပုံဟောင်း)