ကချင် နယ်စပ် ဂိတ် အချို့ ပြန်လည် ဖွင့်လှစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်ရာ လွယ်ဂျယ်၊ လိုင်ဇာ၊ မိုင်ဂျာယန် နယ်စပ်ဂိတ် ၃ ခု ပြန်လည် ဖွင့်လှစ်လိုက်သည်ဟု ဒေသခံများက ပြောသည်။
KIO/KIA က ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များအနက် လွယ်ဂျယ်၊ လိုင်ဇာ (နားဘန်း) နှင့် မိုင်ဂျာယန် နယ်စပ်ဂိတ် (၃) ခုကို တရုတ် အာဏာပိုင်များနှင့် ညှိနှိုင်းကာ အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း KIA က သတင်းမီဒီယာများကို အတည်ပြု ပြောကြားသည်။
ဒေသခံ ပြည်သူလူထု အတွက် အဓိကလိုအပ်သည့် စားသုံးကုန်ပစ္စည်းများကို တရုတ်နိုင်ငံဘက်မှ တင်သွင်းရန် နှင့် မြန်မာဘက်မှ ငှက်ပျောအပါအဝင် သစ်သီးဝလံနှင့် သီးနှံများကို ပြန်တင်ပို့နိုင်ရန် တရုတ်ဘက်နှင့် ညှိနှိုင်းပြီး ပြန်ဖွင့်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လိုင်ဇာဒေသခံ အမျိုးသားတစ်ဦးက “လိုင်ဇာ နယ်စပ်ဂိတ် လွတ်လွတ်လပ်လပ်ကြီးတော့ မဟုတ်ပေမဲ့ လူအဝင် အထွက်တော့ ရပြီ။ တရုတ်ဘက်က ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်ယူလို့ ရသလို မြန်မာဘက်ခြမ်းက လူတွေလည်း သွားလို့ရပြီ” ဟု ပြောသည်။
လက်ရှိတွင် ပြန်လည်ဖွင့်လှစ်သည့် ဂိတ်သုံးခုမှာ (လွယ်ဂျယ်၊ လိုင်ဇာ၊ မိုင်ဂျာယန်) မှလွဲ၍ KIA ထိန်းချုပ်ထား သည့် ကန်ပိုက်တီမြို့နယ် နယ်စပ်ဂိတ်နှင့် မံစီမြို့နယ်ထဲက မန့်ဝိန်းကြီးဂိတ်တို့ကမူ လတ်တလော ပြန်မဖွင့် သေးဘူးဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကျန်ရှိသည့် နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်ရန် KIO/KIA တာဝန်ရှိသူများက တရုတ်နှင့် ဆက်လက် ဆွေးနွေးညှိနှိုင်း နေကြောင်း ဒေသခံများက ပြောသည်။
လိုင်ဇာနှင့် မိုင်ဂျာယန် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လိုက်သည့် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်၍ လူအဝင်အထွက်နှင့် ကုန်စည်အချို့ သယ်ဆောင်မှုများ စတင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။
အခြား ဒေသခံ အမျိုးသားတစ်ဦးကလည်း နယ်စပ်ဂိတ်အနီး အခြေအနေကို “လိုင်ဇာ နယ်စပ်ဂိတ်မှာတော့ လူအဝင်အထွက်လုပ်နေပြီ။ ဒီဘက်ခြမ်းက လူတွေလည်း သွားကြတယ်။ တရုတ်ဘက်ခြမ်းက လူတွေလည်း လာကြတယ်။ ကုန်ပစ္စည်းနဲ့ ပတ်သက်တာတော့ ဘယ်လိုလဲတော့ မသိဘူး” ဟု ဆိုသည်။
လက်ရှိတွင် မြန်မာဘက်ခြမ်းမှ နယ်စပ်ဖြတ်ကျော် လိုသူများအတွက် လိုအပ်သည့် နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထား (Border Pass) အတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
KIO/KIA က လိုင်ဇာနှင့် မိုင်ဂျာယန် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သည့် အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အထိ နယ်စပ်ဂိတ်မှ လူအဝင်အထွက်နှင့် ကုန်စည်သယ်ဆောင်မှု အခြေအနေကို နေ့တိုင်း ညနေ ၆ နာရီထက် နောက်မကျဘဲ ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ရုံးသို့ အချိန်မီ တင်ပြရန် ညွှန်ကြားစာ ထုတ်ထားသည်။
KIO/KIA သည် ၂၀၂၄ ခုနှစ် မတ်လမှ စတင်၍ ကချင်ဒေသထဲရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ပြီး၊ ၂၀၂၄ နှစ်ကုန်ပိုင်းတွင် လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကို ထိန်းချုပ်နိုင်ခဲ့ကာ ၂၀၂၅ ဇန်နဝါရီလတွင် မံစီမြို့နှင့် နိုဝင်ဘာလတွင် ကန်ပိုက်တီမြို့တို့ကို ဆက်လက်သိမ်းပိုက်ခဲ့သည်။