ဆေးရုံနှင့် အချုပ်ဆောင် ဗုံးကြဲ၊ စေတနာ့ ဝန်ထမ်း ၂ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်၌ NUG ဆေးရုံနှင့် အချုပ်ဆောင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး စေတနာ့ကျန်းမာရေးဝန်ထမ်း ၂ ဦး သေဆုံးခဲ့သည်။

ဗန်းမောက်မြို့နယ် တောတွင်းတစ်နေရာတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ဖွင့်လှစ်ထားသော ဆေးရုံကို စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၁၈ ရက်နေ့၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သက်တမ်းရင့် စေတနာ့ ကျန်းမာရေးဝန်ထမ်း ၂ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ 

စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုသည် ဆေးရုံအပြင် ၎င်းနှင့်နီးစပ်သည့် အချုပ်ဆောင်ကိုပါ ပစ်မှတ်ထားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း များပြားခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာလေယာဉ်က ဗန်းမောက်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာ နယ်မြေအတွင်း တည်ရှိသော NUG ဆေးရုံနှင့် အချုပ်ဆောင်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက နောက်တန်းဆေးရုံလို့ ပြောရမှာပေါ့။ ကျန်းမာရေးဝန်ထမ်း မိန်းကလေးနဲ့ ကောင်လေး ကျသွားတယ်။ အခုက မြေပြင်မှာက တိုက်ပွဲ နေ့တိုင်းလိုလို ရှိတယ်။ ဒလန်ကြောင့်ပဲ ဖြစ်နိုင်တယ်။ အဲ့နယ်တွေကလည်း သဘောထားမတူတဲ့သူတွေက ပိုများတယ်လေ ဟု ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်း ကျန်းမာရေး ဝန်ထမ်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် အချုပ်ဆောင် တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့သည်။

NUG အစိုးရ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်သည် စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးနောက်ပိုင်းတွင် ၎င်းတို့ ထိန်းချုပ်ထားနိုင်ခြင်း မရှိသော တော်လှန်ရေး အင်အားစုများ အားကောင်းသည့် ဒေသများမှ ဆေးရုံ၊ ဆေးခန်း များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်လာသည်ဟု ဆိုသည်။

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့် ဧပြီလမှ ပြီးခဲ့သည့် ဇူလိုင်လအထိ စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံဆေးခန်းများကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ တိတိ ပြုလုပ်ခဲ့ကြောင်း NUG က ထုတ်ပြန်ထား သည်။

ယခု ဗန်းမောက်မြို့နယ် တိုက်ခိုက်မှုမတိုင်မီ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်းမနားတိုက်နယ်ဆေးရုံ ကို စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးကုသမှုခံယူနေသူ ၇ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁ ဦး သေဆုံးခဲ့သေးသည်။

NUG က စစ်ရေးပဋိပက္ခတွင် အရပ်သားပြည်သူများနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဆောက် အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အမြဲတစေ ပြစ်တင် ပြောဆိုလျက်ရှိသည်။