ဩစတြေးလျ၊ ဘွန်ဒီကမ်းခြေတွင် ဂျူးလူမျိုးများအား သားအဖ နှစ်ဦးက တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်စ်ပြည်နယ်၊ နာမည်ကျော် ဘွန်ဒီကမ်းခြေ (Bondi Beach) ၌ ဂျူးဘာသာဝင်များ၏ ဟာနူကာ (Hanukkah) ပွဲတော် စတင်သည့် ညတွင် သေနတ်သမားနှစ်ဦး ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ၄၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများထဲတွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပြီး၊ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသူများထဲတွင် ကလေးငယ် သုံးဦးနှင့် ရဲအရာရှိနှစ်ဦးလည်း ပါဝင်သည်ဟု နိုင်ငံတကာ သတင်းများက ဆိုသည်။
တိုက်ခိုက်သူနှစ်ဦးမှာ အသက် ၅၀ အရွယ် ဖခင်ဖြစ်သူနှင့် ၂၄ နှစ်အရွယ် သားဖြစ်သူ (ပါကစ္စတန်နိုင်ငံသား) Naveed Akram (နာဗီ့ဒ် အာ့က်ရမ်) တို့ဖြစ်ကြပြီး၊ ဖခင်ဖြစ်သူမှာ ရဲများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး သားဖြစ်သူမှာမူ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတွင် ကုသမှု ခံယူနေရသည်။
ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီးစ် (Anthony Albanese) က ဤပစ်ခတ်မှုသည် ဩစတြေးလျနိုင်ငံသား ဂျူးလူမျိုးများကို ပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်နှင့် အစ္စရေးဆန့်ကျင်ရေး (Antisemitism) လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချ ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ တိုက်ခိုက်သူများသည် သေနတ်အရှည်များကို အသုံးပြုခဲ့ကြပြီး၊ ပစ်ခတ်မှုအပြီး ကမ်းခြေနှင့် မျဉ်းပြိုင် လမ်းမပေါ်ရှိ ကားတစ်စီးအတွင်း၌ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများလည်း တွေ့ရှိခဲ့ကြသည်။
ထို့အပြင်၊ ပစ်ခတ်မှု ဖြစ်ပွားနေစဉ်အတွင်း တိုက်ခိုက်သူတစ်ဦး၏ သေနတ်ကို အသက်စွန့်၍ ဝင်ရောက်လုယူပြီး လက်နက်ချခိုင်းခဲ့သူ အရပ်သားတစ်ဦးဖြစ်သော အာမက် အယ်လ် အာမက် (Ahmed al Ahmed) ၏ ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းအား နယူးဆောက်ဝေးလ်စ် ဝန်ကြီးချုပ်က အမှန်တကယ် သူရဲကောင်း ဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း ဩစတြေးလျနိုင်ငံတွင် အစ္စရေးဆန့်ကျင်ရေးနှင့် မွတ်ဆလင်များအပေါ် မုန်းတီးမှုဆိုင်ရာ ဖြစ်ရပ်များ သိသိသာသာ တိုးများလာခဲ့ကြောင်း သတင်းများက ဖော်ပြသည်။