မြောက်ဦး ဆေးရုံ ဗုံးကြဲမှု ညီနောင် မဟာမိတ် အဖွဲ့များ အပါအဝင် တော်လှန်ရေး အင်အားစုများ ရှုတ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များ၊ ဆေးဝန်ထမ်းများနှင့် လူနာများ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် ရက်စက် ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ညီနောင်မဟာမိတ်များက ကန့်ကွက်ရှုတ်ချလိုက် သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ညတွင် မြောက်ဦးဆေးရုံအား ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ကြဲချခဲ့ခြင်းကြောင့် လသားအရွယ် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အို များ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပြီး ၇၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသည့် လေတပ် ၇၈ နှစ်မြောက် အခမ်းအနား၌ ယင်းလုပ်ရပ်များအား လုပ်ဆောင်ခဲ့သည့် လေတပ်အား တာဝန်ကျေပွန်မှုနှင့် “ရဲစွမ်းသတ္တိရှိခြင်း” ဟု ဂုဏ်ပြုပြောဆိုခဲ့သည်။
မြေပြင်က ဒေသခံတစ်ဦးက “ဗုံးက ဆေးရုံအလယ်တည့်တည့်ကို ကျတာ။ လူနာတွေက ကုတင်ပေါ်မှာတင် ပွဲ ချင်းပြီး သေကုန်ကြတာပါ။ သွေးအိုင်ထဲမှာ ကလေးငယ်လေးတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရတာဟာ ဘယ် လိုမှ မေ့လို့မရနိုင်တဲ့ စိတ်ဒဏ်ရာပဲပေါ့နော်။ ဒါဟာ တိုက်ပွဲမဟုတ်ဘူး၊ ဆေးရုံကို တမင်သက်သက် ရည်ရွယ် ချက်ရှိရှိ သတ်ဖြတ်ခဲ့တာပါ” ဟု ပြောသည်။
ဤစစ်ရာဇဝတ်မှုနှင့်ပတ်သက်၍ ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA နှင့် TNLA တို့က ဒီဇင်ဘာ လ ၁၆ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး စစ်ကော်မရှင်၏ လုပ်ရပ်များသည် မြန်မာနိုင်ငံ အား “ကျရှုံးနိုင်ငံအဖြစ်သို့ အဆုံးစွန်ထိ တွန်းပို့နေခြင်း” ဖြစ်ကြောင်း ရှုတ်ချခဲ့သည်။
ထို့အပြင် ကုလသမဂ္ဂနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အနေဖြင့် စစ်ကော်မရှင်တပ်၏ လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ပေးရန်လည်း မေတ္တာရပ်ခံထားသည်။
တစ်ဆက်တည်းမှာပင် ဦးမင်းကိုနိုင် အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၄၅ ခုတို့က ‘တော်လှန်သွေးချင်းများ သန္နိဋ္ဌာန်ပြုချက်’ ကို ထုတ်ပြန်ခဲ့ပြီး စစ်အုပ်စုသည် ယင်းစစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန် လူမျိုးရေးမုန်းတီးမှုများ ဖြင့် လမ်းလွှဲလှုံ့ဆော်နေခြင်းကို သတိပြုကြရန် သတိပေးလိုက်သည်။
“အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအား သတ်ဖြတ်မှုမှာ အရပ်သား များ အပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုဖြစ်သည်။ ၎င်းဖြစ်ရပ် ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်၏ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲနေခြင်းအား သတိပြုကြရမည် ဖြစ်သည်” ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်သည် ယခုနှစ်အတွင်း ပြည်သူ့အခွန်ငွေများဖြင့် လေယာဉ်နှင့် ရဟတ်ယာဉ် အစင်းပေါင်း ၁၆၀ ကျော် ထပ်မံဝယ်ယူထားပြီး ရခိုင်ပြည်အတွင်းရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက် အအုံများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဓါတ်ပုံ – Wai Hun Aung