ရွေးကောက်ပွဲကျင်းပရန် ၁၀ ရက်အလို လားရှိုးမြို့တွင် တစ်ရက်တည်း ဗုံး ၃ ကြိမ်ပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။

စစ်ကော်မရှင်က ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တွင် တစ်ရက်တည်း၌ပင် ဗုံးပေါက်ကွဲမှု သုံးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ရာ မြို့ခံများ ထိတ်လန့်စိုးရိမ်နေကြသည်။

ရွေးကောက်ပွဲကျင်းပရန် ၁၀ ရက်ခန့်သာ လိုတော့သည့်အချိန်တွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုများသည် ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၉ နာရီကျော်တွင် အမှတ် (၁၂) ရပ်ကွက်၌ တစ်ကြိမ်၊ ညနေ ၅ နာရီနှင့် ၆ နာရီ ဝန်းကျင်တို့တွင် အမှတ် (၂) အုပ်ချုပ်ရေးမှူးရုံးအနီးနှင့် အမှတ် (၅) ရပ်ကွက်တို့တွင် တစ်ကြိမ်စီ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ လားရှိုးမြို့ခံတစ်ဦးက မနက်ပိုင်း တစ်ခါကြားရပြီး ညနေပိုင်းမှာ နှစ်ခါဆင့်တိုက်သံ ကြားလိုက်ရတာ။ ရပ်ကွက်ရုံးနားဆိုတော့ ပိုလန့် သွားတယ် ဟု ပြောသည်။

လားရှိုးမြို့ကို စစ်ကော်မရှင်တပ်က ယခုနှစ် ဧပြီလအတွင်း တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ် (MNDAA) ထံမှ ပြန်လည်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သော်လည်း မြို့ပတ်ပတ်လည်ရှိ ကျေးရွာအုပ်စု ၇၅ အုပ်စု ခန့်ကိုမူ MNDAA က ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်။

စစ်ကော်မရှင်တပ်သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုအပြင် MNDAA ထိန်းချုပ်နယ်မြေအချို့တွင်ပါ ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေသော်လည်း MNDAA ဘက်ကမူ ၎င်းတို့နယ်မြေအတွင်း မဲပုံးချခွင့် ပေးမည်မဟုတ်ကြောင်း ပြောဆိုထားသည်။

လက်ရှိ အခြေအနေအပေါ် လားရှိုးမြို့မှ ရှမ်းလူငယ်တစ်ဦးက ဒီပေါက်ကွဲမှုတွေဟာ ရွေးကောက်ပွဲကို ဆန့် ကျင်တဲ့ နိုင်ငံရေး သတိပေးချက်လို့ မြင်ပါတယ်။ မြို့ပေါ်ကို စစ်တပ်က ထိန်းထားတယ်ဆိုပေမဲ့ ပတ်ပတ်လည် မှာ တော်လှန်ရေး အင်အားစုတွေ ရှိနေကြတယ်။ အခု အခြေအနေကို ပြောရမယ်ဆိုရင်လည်း လုံခြုံရေးက ဘယ်လိုမှ စိတ်မချရဘူး။ အခုလို အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲက ပြည်သူတွေအတွက်တော့ အန္တရာယ်ကြားက ပွဲတစ်ခုလို ဖြစ်နေတယ် ဟု ပြောသည်။

စစ်ကော်မရှင်၏ အစီအစဉ်အရ လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ နှစ်ပတ်စီခြား ကျင်းပသွားရန် ရည်ရွယ်ထားသော်လည်း ယခုကဲ့သို့ မြို့ပြပြောက်ကျား တိုက်ခိုက်မှုများနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်စွမ်းအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

ဓါတ်ပုံ – Wa News Land