လက်နက်ကိုင် တော်လှန်ရေးနှင့် လူထု တိုက်ပွဲ ဟန်ချက်ညီရန် လိုအပ်ကြောင်း လူထုလှုပ်ရှားမှု ဦးဆောင်သူများ တိုက်တွန်း
သတင်းနှင့် မီဒိယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂ ရက်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးနှင့် လူထုတိုက်ပွဲ ဟန်ချက်ညီရန် ဦးဆောင်သူများ တိုက်တွန်းလိုက်သည်။
တော်လှန်ရေး၏ အဆုံးအဖြတ်နှင့် စစ်ရေးအောင်မြင်မှုများ ရရှိရန်အတွက် လူထုပါဝင်မှုသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) အတွင်းရေးမှူး အဖွဲ့ဝင် မချောစုစံက အောက်ပါအတိုင်း ထောက်ပြပြောဆိုသည်။
”လူထုလှုပ်ရှားမှုတွေကလည်း စစ်ရေးတိုက်ပွဲကဲ့သို့ပဲ အရေးကြီးတယ်။ စစ်ရေးက လူထုလှုပ်ရှားမှုထက် ပို အရေးကြီးတာ မဟုတ်ဘဲနဲ့ နှစ်ခုစလုံးက အတူယှဉ်တွဲပြီးတော့ သွားဖို့ လိုအပ်တာဖြစ်တယ်။ ဒီတော်လှန်ရေးရဲ့ အဆုံးအဖြတ်က လူထုပဲဖြစ်တယ်။ လူထုအားနဲ့ပဲ အရွေ့ကို ဆက်ပြီး ချီတက်နေရတာ ဖြစ်တဲ့အတွက် လူထု ပါဝင်မှု မရှိရင် တော်လှန်ရေးရဲ့ အရွေ့က ရှေ့ကိုရောက်မှာ မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာ့နွေဦးတော်လှန်ရေး အတွင်း စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်းနိုင်ရန် အတွက် လက်နက်ကိုင် တော်လှန်ရေးနှင့်အတူ လူထုတိုက်ပွဲနည်းနာများကို ဟန်ချက်ညီညီ ဖော်ဆောင်ရန် လိုအပ် ကြောင်း လူထုလှုပ်ရှားမှု ဦးဆောင်သူများက တိုက်တွန်းပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့က “အသံအဖွဲ့” မှ ကြီးမှူးကျင်းပသည့် “မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အကြိုကာလ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများ စောင့်ကြည့် လေ့ လာခြင်း” စကားဝိုင်းဆွေးနွေးပွဲတွင် တော်လှန်ရေးအင်အားစု အသီးသီးက ထည့်သွင်းပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိတော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ပွဲနှင့် လူထုလှုပ်ရှားမှုသည် အပြန်အလှန် အထောက်အကူပြု ချိတ်ဆက်နေပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့ နယ်မြေများတွင် စစ်ကော်မရှင်က အုပ်ချုပ်ရေးယန္တရား မဖော် ဆောင်နိုင်ခြင်းမှာ လက်နက်ကိုင် တော်လှန်ရေးအပြင် ပြည်သူများ၏ “စစ်အုပ်စုနှင့် မပူးပေါင်းရေး” သပိတ် လှုပ်ရှားမှုများကြောင့်လည်း ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် သုံးသပ်ခဲ့ကြသည်။
အရပ်ဘက် အဖွဲ့အစည်းများ၏ အသံထွက်မှု၊ လူ့အခွင့်အရေးဆိုင်ရာ ထောက်ပြချက်များနှင့် နိုင်ငံတကာ စည်းရုံး ဆော်ဩမှုများသည် တော်လှန်ရေးအတွက် အရေးကြီးသည့် အထောက်အပံ့များဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (BMC) မှ မမူလန်က ယခုကဲ့သို့ ပြောသည်။
“လက်နက်ကိုင် တော်လှန်ရေးက အရေးကြီးတယ်။ တစ်ပြိုင်နက်တည်းမှာ လူထုလှုပ်ရှားမှု၊ အရပ်ဖက် အဖွဲ့ အစည်းတွေရဲ့ အသံထွက်မှု၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ တောက်လျှောက် ထောက်ပြဝေဖန်မှု၊ နိုင်ငံတကာကို စည်းရုံးလုပ်ဆောင်မှုတွေသည် တစ်ပြိုင်နက်တည်းမှာ တူတူလုပ်ရမယ့် အရေးကြီးတဲ့အရာ ဖြစ်တယ်။”
ပြည်သူလူထုသည် လုံခြုံရေးအရ ဖိနှိပ်မှုများ ကြုံတွေ့နေရသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံ တိတ်သပိတ်တွင် ပါဝင်ခဲ့သကဲ့သို့ ၎င်းတို့ ပါဝင်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် တော်လှန်ရေးတွင် ဆက်လက် ရှိနေကြောင်း တကသကျောင်းသားဟောင်းများ အင်အားစု (USUAF) မှ ကိုဘုန်းသစ်က ပြောသည်။
“လူထုသည် လူထုလှုပ်ရှားမှုနဲ့ ပတ်သက်လို့ရှိရင် သူတို့လုပ်လို့ရတဲ့ အခြေအနေ၊ သူတို့ ဘယ်လောက်ပဲ ကျပ် တည်းနေပါစေ၊ ဘယ်လောက် ဖိနှိပ်ခံရပါစေ၊ ခက်ခဲ ကြမ်းတမ်းနေပါစေ သူတို့ ပူးပေါင်းပါဝင်လို့ရတဲ့ အခင်း အကျင်းမှာ ဒီလူထုလှုပ်ရှားမှုတွေကို သူတို့ ပူးပေါင်းပါဝင်တယ် ဆိုတာကို ကျနော်တို့ မြင်ရပါတယ်” ဟု ကိုဘုန်းသစ်က ပြောသည်။
လက်ရှိတွင် ပုံစံမျိုးစုံဖြင့် ဖော်ဆောင်နေသော လူထုတိုက်ပွဲနည်းနာများသည် စစ်ရေးအရှိန်အဟုန် ကောင်းမွန် စေရန် များစွာ အထောက်အပံ့ဖြစ်စေပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လူထုအားနှင့် စစ်ရေး အားကို ဟန်ချက်ညီညီ ပေါင်းစပ်သွားရန် လိုအပ်ကြောင်း တော်လှန်ရေး အင်အားစုများက ဘုံသဘောထား အဖြစ် တိုက်တွန်းပြောဆိုခဲ့ကြသည်။