စစ်ကော်မရှင်က လူမျိုးစု အချင်းချင်းကြား သွေးခွဲနေဟု နှစ်သစ်ကူးမိန့်ခွန်းတွင် KIO ဥက္ကဌ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂ ရက်။ 

စစ်ကော်မရှင်သည် တော်လှန်ရေးအင်အားစုများ စည်းလုံးလာမည်ကို စိုးရိမ်သဖြင့် လူမျိုးစုအချင်းချင်းကြား သွေးကွဲစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေး ပြောဆိုလိုက်သည်။

၂၀၂၆ ခုနှစ်အတွင်း ကျရောက်သည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ပြည်နယ်သူ ပြည်နယ်သားများနှင့် တိုင်းရင်းသားပြည်သူများသို့ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

ဗိုလ်ချုပ်ကြီး အင်ဘန်လက ရန်သူဟာ တော်လှန်ရေးအဖွဲ့တွေ စည်းလုံးပြီး အင်အားကြီးထွားလာမှာ အလွန် စိုးရိမ်တဲ့အတွက် တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား၊ လူမျိုးအချင်းချင်းကြား အုပ်စုကွဲသွားဖို့အတွက် ပြည်သူ့စစ်၊ BGF ခေါင်းစဉ်အမျိုးမျိုးနဲ့ လက်နက်တပ်ဆင်ပေးပြီးတော့ အချင်းချင်း တိုက်ခိုင်းပါတယ် ဟု ထည့်သွင်း ပြောဆိုသည်။

အထူးသဖြင့် ကချင်ပြည်အတွင်း ရှေးယခင်ကတည်းက အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည့် ကချင်နှင့် ရှမ်း လူမျိုးစုများအကြား ရန်ဖက်ဖြစ်အောင် သပ်လျှိုနေသည့် လုပ်ရပ်များအပေါ် များစွာစိတ်ထိခိုက်မိကြောင်းနှင့် ရန်သူနှင့် မိတ်ဆွေကို ကွဲကွဲပြားပြား နားလည်ကြရန် လိုအပ်ကြောင်းလည်း ဆိုသည်။

ကချင်နဲ့ ရှမ်းဟာ ဘယ်တော့မှ ရန်သူမဟုတ်ကြပါဘူး။ တခြားရန်သူရဲ့ လှည့်ဖျားမှုတွေကြောင့် အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ရင်နာရပါတယ်။ ဒါကြောင့် ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ ခွဲခြားသိဖို့ လိုပါတယ် ဟု ၎င်းက တိုက်တွန်းသည်။

လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအခြေအနေနှင့် ပတ်သက်၍ နယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကော်မရှင်၏ အင်အားသုံး ထိုးစစ်ဆင်လာမှုများကို ခုခံကာကွယ်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ ထိုသို့ ခုခံစစ်ဆင်နွှဲရာတွင် ရဲဘော်များ၊ ပြည်သူများနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ အသက်ပေးစတေးမှုများ ရှိခဲ့သည် ဟု ဆိုသည်။ 

စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သော ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ များကိုပါ လေကြောင်းနှင့် လက်နက်ကြီးများသုံး၍ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူအများအပြား သေဆုံးခဲ့ရ ကြောင်းလည်း မိန့်ခွန်းတွင် ဖော်ပြထားသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း KIO အနေဖြင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန် နိုင်ရန် ကျေးရွာများ ဖော်ထုတ်ခြင်း၊ အသက်မွေးဝမ်းကျောင်းအတွက် စက်ယန္တရားများ ကူညီပေးခြင်းနှင့် ဒေသ အချို့တွင် ကြုံတွေ့နေရသည့် ကြွက်ဘေးနှင့် ရေဘေးဒုက္ခများကိုလည်း ကူညီဖြေရှင်းပေးနေကြောင်း ဆိုသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး တဖြည်းဖြည်း တိုးတက်လာပြီး နယ်စပ်ဂိတ်အချို့ ပြန်လည် ဖွင့်လှစ် လာသဖြင့် ပြည်သူများ ကျန်းမာရေးနှင့် ကုန်သွယ်ရေးအတွက် အဆင်ပြေလာနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ ကျဆုံးသည်အထိ တော်လှန်ရေး အဖွဲ့အစည်း များ အားလုံး အင်အားစုစည်း၍ လက်တွဲမဖြုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။