တောင်ကြီး ပြည်နယ်ကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းများ ဖျက်ရန် ဒုတိယအကြိမ် သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။ 

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်း (ရှမ်းကွင်း) ပတ်လည်ရှိ နှစ်ရှည်ဆိုင် ခန်းများကို ဖျက်သိမ်းရန် စစ်ကော်မရှင် ထပ်မံသတိပေးလာသဖြင့် ဆိုင်ခန်းရှင်များ အခက်ကြုံနေရသည်။ 

ပြည်နယ်အားကစားကွင်း (ရှမ်းကွင်း) ပတ်ပတ်လည်တွင် ဖွင့်လှစ်ထားသည့် နှစ်ရှည်ဈေးဆိုင်ခန်းများကို အမြန် ဆုံး ဖျက်သိမ်းပေးရန် စစ်ကော်မရှင်က ဒုတိယအကြိမ်မြောက် သတိပေးလိုက်ပြီးနောက် ဆိုင်ခန်းရှင်များမှာ လုပ်ငန်းခွင်ပျက်စီးမည့် အရေးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ အခြေခိုင်လာသည့် လုပ်ငန်းများ ရုတ်တရက်ရပ်ဆိုင်းရမည့်အပေါ် အားကစားကွင်း ရှေ့မှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ယခုကဲ့သို့ ပြောသည်။ 

နှစ်ပေါင်းများစွာ အခြေခိုင်လာတဲ့ ဆိုင်ကြီး အခုကျ ရုတ်တရက်ရွှေ့ရမယ်ဆိုတော့ လာလည်း အရုပ်ကြိုးပြတ် ပဲ။ သူတို့က နေရာတော့ ပြန်ပေးပါတယ်။ အဲနေရာမှာက ဖောက်သည်ရှိဦးမှလေ။ ပြီးရင် ကုန်ဈေးနှုန်း တက် ရတဲ့အထဲ ဆိုင်ရွှေ့တဲ့စရိတ်တွေ၊ ပြင်ဆင်ရတာတွေက အပိုထပ်ကုန်ဦးမယ်။ သက်သက် သူတို့ စားပေါက် ရှာကြ တာပါ။” 

စစ်ကော်မရှင်က အဆိုပါနေရာတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ ရေကူးကန်နှင့် လူငယ်စင်တာများ တည်ဆောက်မည့် စီမံကိန်းလုပ်ရန် အတွက် ဆိုင်ခန်းများကို ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ပထမအကြိမ် သတိပေးခဲ့သော်လည်း ဆိုင်ခန်းရှင်များဘက်က လိုက်နာခြင်းမရှိသဖြင့် ယခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံသတိပေးကာ မလိုက်နာ ပါက အတင်းအကျပ်ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ပြောင်းရွှေ့ရမည့် နောက်ဆုံးရက်ကို တိတိကျကျ ကြေညာထားခြင်း မရှိသဖြင့် ဆိုင်ခန်းရှင်များမှာ အချိန်မရွေး ဖျက်သိမ်းခံရမည်ကို စိုးရိမ်ကာ ဆိုင်များကို ပိတ်၍ ကြိုတင်ပြင်ဆင်နေကြရသည်။ 

ကားအပိုပစ္စည်းရောင်းချသည့် ဆိုင်ခန်းရှင်တစ်ဦးကလည်း အားကစားက ကျနော်တို့လည်း အားပေးပါတယ်။ အခုသူတို့ လုပ်ပုံက အားကစားတိုးတက်ဖို့ မဟုတ်ဘူး။ သက်သက် စားပေါက်ရှာတာ။ ပြီးရင်လည်း ချောင်ထိုး ထားမှာလေ။ အခု ဆိုင်ပိတ်ပြီး အသင့်ပြင်ထားရတယ်။ တက္ကသိုလ်ဖက်က ဆိုင်ခန်းတွေလို ရုတ်တရက် လာဖျက်ရင် မမီမှာစိုးလို့လေ ဟု ပြောသည်။

စစ်ကော်မရှင်ဘက်က ဆိုင်ခန်းများကို ကျောင်းကြီးစုရပ်ကွက်၊ အဝေရာမီးပုံပျံကွင်းနှင့် ရှမ်းကွင်းအကြားရှိ အစိုးရပိုင်မြေနေရာများသို့ ပြောင်းရွှေ့ခွင့်ပေးမည်ဟု ဆိုသော်လည်း ယင်းနေရာများသည် လူစည်ကားမှု မရှိသဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်နိုင်ကြောင်း လုပ်ငန်းရှင်များက တွက်ဆထားကြသည်။ 

အဆိုပါ ဆိုင်ခန်းများနှင့် လူနေတိုက်ခန်းများသည် လွန်ခဲ့သည့် ၂၅ နှစ်ခန့်က ထိုစဉ်က တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်မောင်ဘို (ငြိမ်း) ၏ ခွင့်ပြုချက်ဖြင့် စနစ်တကျ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရောင်းချသူများမှာလည်း ယင်းကာလကတည်းက အခြေချလာသူများ ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် စီမံကိန်း အကြောင်းပြချက်ဖြင့် ဆိုင်ခန်းနှင့် နေအိမ်များစွာ ဖျက်ဆီးခံခဲ့ရသည်။ 

လက်ရှိတွင်လည်း စစ်ကော်မရှင်ခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဗိုလ်ချုပ်ပန်းခြံ ကို အဆင့်မြင့်ပြင်ဆင်ပြီး ဆိုင်ခန်းသစ်များ ပြန်လည်တည်ဆောက်ကာ စီးပွားဖြစ်ရောင်းချရန် စီစဉ်နေသည်ဟု မြို့ခံများအကြား တီးတိုးဝေဖန် နေကြသည်။