ရွေးကောက်ပွဲ နောက်ပိုင်း စစ်ပွဲနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မြင့်တက်လာနိုင်ဟု တက်ကြွလှုပ်ရှားသူများ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။
ရွေးကောက်ပွဲအလွန် ကာလတွင် စစ်ရေးပဋိပက္ခနှင့် လူ့အခွင့် အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက် လာနိုင်သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်သူများနှင့် တက်ကြွလှုပ်ရှားသူများက သတိပေး ပြောဆိုလိုက်သည်။
စစ်တပ်က နိုင်ငံရေးထွက်ပေါက် အဖြစ် အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပနေသည့် ရွေးကောက်ပွဲသည် လူထုအား အကျပ်ကိုင် ခြိမ်းခြောက်မှုများဖြင့် ဖော်ဆောင်နေခြင်း ဖြစ်ပြီး၊ ယင်းရွေးကောက်ပွဲအလွန်၌ စစ်ရေး ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ယခုထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးလိုက်ခြင်း ဖြစ် သည်။
ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ တာဝန်ခံ ဆန်ထွယ် က “ကျမ တို့ မြင်တာကတော့ ဒါကတော့ သူတို့အနေနဲ့ သူတို့နဲ့ မိတ်ဖက်တဲ့ နိုင်ငံတကာတွေနဲ့ ချိတ်ဆက်ပြီးမှ မြန်မာနိုင်ငံ သူတို့ရဲ့ ဒီစီးပွားရေး လမ်းကြောင်းတွေ ဖွင့်ယူပြီးမှ တိုင်းရင်းသားဒေသတွေမှာ စစ်ပဋိပက္ခ ပိုပြီးမှ ဖွင့်ဖို့အတွက် ကို သူတို့ပိုက်ဆံတွေ ရှာသွားနိုင်တဲ့ အခြေအနေလည်း ရှိလာနိုင်တယ် ဒါကြောင့်မို့လို့ ဒီ Election အလွန်ပေါ့ နော်။ ရွေးကောက်ပွဲ အလွန်ကတော့ ပဋိပက္ခတွေနဲ့ သတ်ဖြတ်မှုတွေ ပိုများနိုင်တယ်ဆိုတဲ့ဟာမျိုးကိုလည်း ကျမ တို့ တွေ့ရတယ်ပေါ့နော်” ဟု ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် လည်းကောင်း၊ ဒုတိယပိုင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင်လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသည့် တတိယ ပိုင်းကို ဇန်နဝါရီလ ၂၅ ရက်တွင် ဆက်လက်ပြုလုပ်ရန် စီစဉ်ထားသည်။
ရွေးကောက်ပွဲ ပြင်ဆင်သည့် ကာလတစ်လျှောက်လုံးတွင် စစ်ကော်မရှင်သည် ဥပဒေ အမျိုးမျိုးထုတ်ပြန်ကာ လူထုအား ဖမ်းဆီးထောင်ချခြင်း၊ မဲမထည့်ပါက တက္ကသိုလ်တက်ခွင့် မပြုခြင်းနှင့် စစ်ဘေးရှောင်များ နေရပ် မပြန်ပါက နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
ထို့အပြင် ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်း တိုက်ခိုက် မှုများဖြင့် အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် ခရီးသွားလာခွင့် ကန့်သတ်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရှိန်မြှင့်ကျူးလွန်ခဲ့သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြသည်။
သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်း ကလည်း “စစ်ဘေးစစ်ဒဏ်ကလည်း ဆက်ဖြစ်လာနိုင် ဖွယ်ရှိတယ်။ ဘာလို့လည်းဆိုတော့ ခုနတုန်းက ပြောသလို စစ်ရှိန်က ကျနော်တို့ တိုင်းပြည်မှာ လျော့မသွားဘူး။ တိုက်ပွဲရပ်တယ်ဆိုတာကလည်း ယာယီရပ်ထားတဲ့ပုံစံပဲ ဖြစ်နေတဲ့ အနေအထားပေါ့နော်” ဟု ပြောသည်။
စစ်ကော်မရှင်က ၎င်းတို့စီစဉ်ထားသည့်အတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရ ရှိရေးမှ တစ်ဆင့် နိုင်ငံရေး ထွက်ပေါက်ရှာနေသော်လည်း တော်လှန်ရေး အင်အားစုများကမူ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမည်မဟုတ်ဘဲ တိုက်ပွဲများကို ပိုမိုအရှိန်မြှင့်သွားရန် ပြင်ဆင်နေကြသည်။
ကရင်နီပြည် အင်အားစုကိုယ်စားလှယ် ခွန်းသောမတ်စ် က “ရွေးကောက်ပွဲ ပြီးသွားရင်လည်း ကျနော် ထင် တယ်။ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ လျှော့ကျသွားမယ့် အခြေအနေမျိုး မရှိဘူး။ ရွေးကောက်ပွဲ ပြီးသွားရင် တောင်မှ ကျနော်တို့ တော်လှန်ရေးဖက်ကတော့ ဒီထက်ပိုအားကောင်းတဲ့ အခြေအနေမျိုးတွေ ပြင်ဆင်မှုတွေ ရှိတယ်။ အဲတော့ ဒီထက်ပိုပြင်းတဲ့ တိုက်ပွဲမျိုးတွေ ဒီထက်ပို ကျယ်ပြန့်မဲ့ တိုက်ပွဲမျိုးတွေ ဆက်ပြီးတော့ သွားမဲ့ အခင်းအကျင်းမျိုးပဲ ရှိပါတယ်ပေါ့” ဟု ပြောသည်။
စစ်ရေးအရ အရှိန်မြှင့်တင်မှုများနှင့် အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အမျိုးသမီး အဖွဲ့အစည်း များ အပါအဝင် တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးအရ ဗျူဟာမြောက် စုစည်းမှုများကလည်း ပိုမိုအားကောင်းလာနေသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ မတင်တင်ညို က “ဒီတစ်ခေါက် နွေဦးတော်လှန်ရေးက မဖြစ်မနေ ဒီအာဏာ ရှင်ကို အဆုံးသတ်ရမယ်ဆိုတဲ့ ခံယူချက်က အခုထိ ခိုင်ခိုင်မာမာရှိနေဆဲပဲ။ ရွေးကောက်ပွဲက ဘယ်လိုရလဒ်ပဲ ရ ရှိလာ ရရှိလာ ကျမတို့ကတော့ ပြည်သူလူထုတွေ အားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ အနေနဲ့ကတော့ စစ် အာဏာရှင်စနစ်နဲ့ အာဏာရှင် မှန်သမျှ ပြုတ်ကျဖို့အတွက်တော့ ဆက်ပြီးတော့ တွန်းလှန်သွားရမယ်။ ဒီအချိန် မှာ ဗျူဟာမြောက် တွန်းလှန်မှုမျိုးတွေ ဖြစ်ဖို့လိုတယ်။ ဗျူဟာမြောက် စုစည်းမှုမျိုးတွေ ဖြစ်ဖို့လိုတယ်” ဟု ပြောသည်။
လက်ရှိတွင် တော်လှန်ရေး အင်အားစုများက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကော်မရှင်၏ အတု အယောင် ရွေးကောက်ပွဲ ကို အသိအမှတ်မပြုရန်နှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အုပ်ချုပ်ရေး ယန္တရား များကိုသာ အမြန်ဆုံး အသိအမှတ်ပြု ကူညီပေးကြရန် တောင်းဆိုထားကြသည်။