ဗန်းမောက်မြို့တဝက်ခန့်ကို စစ်ကော်မရှင်နှင့် ရှမ်းနီတပ်များ ပြန်လည် ထိန်းချုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇန္နဝါရီလ ၂၀ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ဗန်းမောက်မြို့၏ တစ်ဝက်ခန့်ကို စစ်ကော်မရှင်တပ်နှင့် ရှမ်းနီးတပ်မတော် SNA ပူးပေါင်းတပ်များ ပြန်လည်ထိန်းချုပ်ထားပြီဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ဗန်းမောက်မြို့တွင် စစ်ရေး အခြေအနေ ပြောင်းလဲမှုများရှိလာပြီး၊ စစ်ကော်မရှင်နှင့် SNA ပူးပေါင်းတပ်များက မြို့၏ တစ်ဝက်ခန့်ကို ယခုသတင်းပတ်တွင်း ပြန်လည်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြို့ပေါ်ရှိ လွှဆင်ကုန်းရပ်ကွက်နှင့် မြနန္ဒာရပ်ကွက်များကို စစ်ကော်မရှင် ဘက်က ပြန်လည်စိုးမိုးနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။
“ဟုတ်တယ်၊ ဟုတ်တယ်။ မြို့ရဲ့ တစ်ဝက်လောက်ကို ပြန်ထိန်းချုပ်သွားတာ တစ်နေ့တုန်းကပဲ။ သူတို့က ရပ်ကွက်နှစ်ခုကို သိမ်းပိုက်လိုက်တာ။ အဲ့မှာ တစ်ဝက်လောက်က ပါသွားတာပေါ့” ဟု ၎င်းက ပြောသည်။
ဗန်းမောက်မြို့ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် မြို့ပြင်သို့ ဆုတ်ခွာသွားသည့် စစ်ကော်မရှင်တပ်နှင့် SNA ပူးပေါင်းအဖွဲ့သည် မြို့ကို ပြန်လည်ရရှိရန် လေကြောင်းပစ်ကူများ၊ ဟုမ္မလင်းအခြေစိုက် တပ်မ ၃၃ မှ စစ်ကူများဖြင့် အပြင်းအထန် ကြိုးပမ်းလာခဲ့ရာမှ ယခုကဲ့သို့ မြို့ပေါ်ရပ်ကွက်အချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဆုတ်ခွာပေးခဲ့ ရသလို၊ မြနန္ဒာရပ်ကွက် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) ရဲဘော် ၃ ဦးကိုလည်း စစ်ကော်မရှင်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲ အပြီး နောက်ဆက်တွဲ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ အဆိုပါ သတင်းရင်းမြစ် က ယခုကဲ့သို့ ဆက်လက်ပြောဆိုသည်။
“မြို့သိမ်းပြီးကတည်းက တိုက်ပွဲတွေကလည်း မငြိမ်နေပါဘူး။ ဖြစ်လိုက်၊ ရပ်လိုက်နဲ့ပေါ့။ သူတို့ဘက်ကလည်း ပြန်ပြီး မြို့ကို စစ်ကြောင်းပြန်ထိုးနေတာ။ တိုက်ပွဲက အဲ့ကတည်းကကို မငြိမ်ပါဘူး” ဟု ပြောသည်။
လက်ရှိ တိုက်ပွဲများကြောင့် ဗန်းမောက်မြို့ပေါ် ရပ်ကွက်များအပြင် စက်တော၊ အလယ်ရွာ၊ နားယကာ၊ ကံရွာ၊ ကြောင်လည်၊ ပင်ဟင်းခါး၊ ခမိုးနှင့် မြစ်သေးချင်း ကျေးရွာများမှ ဒေသခံ ၂,၀၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်များ အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဗန်းမောက်မြို့သည် ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် တည်ရှိပြီး ရွှေနှင့် သစ်ကဲ့သို့သော သယံဇာတများ ပေါများသည့်အပြင်၊ စစ်ရေးအရလည်း အလွန်အရေးပါသည့် ဗျူဟာကျသော ဒေသတစ်ခု ဖြစ်သည်။
ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်စိုးမိုးနိုင်သွားပါက အနီးအနားရှိ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထိန်းချုပ်ထားသည့် အင်းတော်နှင့် ပင်လည်ဘူးမြို့များဆီသို့ စစ်ကြောင်းများ ဆက်လက် ထိုးဖောက် လာနိုင်သည်။
ထို့ကြောင့် ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းအထက်ပိုင်း စစ်ရေးဗျူဟာအတွက် အဓိကသော့ချက်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားကြသည်။
ဓါတ်ပုံ – Maw Seain Tai Nine News နှင့် (ဗန်းမောက်မြို့ Facebook page – ပုံဟောင်း)