မလေးရှားကဆီခိုး ပြောင်းထည့်နေသော သင်္ဘော နှစ်စီး ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။
မလေးရှားနိုင်ငံ၊ ပီနန်း (Penang) ကမ်းလွန်၌ တရားမဝင် ရေနံလွှဲပြောင်းနေသည့် သင်္ကာမကင်းဖွယ် ရေနံတင်သင်္ဘောနှစ်စင်းကို မလေးရှားရေကြောင်းရဲတပ်ဖွဲ့ (MMEA) က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အစီရင်ခံစာတွင် အီရန်နိုင်ငံသည် “အရိပ်သင်္ဘော (Ghost Ships)” များ အသုံးပြု၍ မြန်မာစစ်ကောင်စီထံ ရေနံနှင့် လေယာဉ်ဆီများ ပေးပို့နေကြောင်း ထုတ်ဖော်ခဲ့ပြီး မကြာမီတွင် ဤကိစ္စ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါသင်္ဘောများပေါ်၌ အမေရိကန်ဒေါ်လာ ၁၂၉.၉ သန်းခန့် တန်ဖိုးရှိ ရေနံစိမ်းများကို သိမ်းဆည်းရမိခဲ့ပြီး ဒေါ်လာ ၁၈၀ သန်းခန့် တန်ဖိုးရှိ သင်္ဘောကြီးနှစ်စင်းကိုလည်း သိမ်းဆည်းခဲ့သည်။
သင်္ဘောပေါ်တွင် မြန်မာ၊ တရုတ်၊ အီရန်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံသား အမှုထမ်း စုစုပေါင်း ၅၃ ဦး ပါဝင်ပြီး ကပ္ပတိန်နှစ်ဦးကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်။
မလေးရှားရေပိုင်နက်သည် ရေနံ၏ မူရင်းဒေသကို ဖုံးကွယ်ရန်အတွက် သင်္ဘောချင်းကပ်၍ ရေနံလွှဲပြောင်းလေ့ရှိရာ အာဏာပိုင်များက ယခုအခါ ခွင့်ပြုချက်မရှိဘဲ ကျောက်ချခြင်းနှင့် တရားမဝင် ရေနံလွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။