တီမောတရားရုံးက မြန်မာစစ်ခေါင်းဆောင်များ၏ ရာဇဝတ်မှုကြီးများအား လက်ခံ ကြားနာမည်။ အာဆီယံ သမိုင်းတွင် အဖွဲ့ဝင် နိုင်ငံ အချင်းချင်းကြား ပထမဆုံး လက်ခံကြားနာခြင်း ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။ 

အာဆီယံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ နိုင်ငံ တစ်နိုင်ငံ ဖြစ်သော အရှေ့တီမောတရားရုံးက အမှုလက်ခံ ဖွင့်လှစ်လိုက်ပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ဖော်ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ဘက်အရာရှိ ၁၀ ဦးကို အရေးယူရန် အရှေ့တီမော (Timor-Leste) နိုင်ငံ တရားစီရင်ရေး အာဏာပိုင်များက လုပ်ငန်းစဉ်များ စတင်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး တီမောတရားရုံးက လက်ခံ ကာ ရှေ့နေခန့်အပ်ခြင်း အပါအဝင် ဥပဒေကြောင်းအရ စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း CHRO နှင့် Myanmar Accountability Project (MAP) တို့က ပူးတွဲအတည်ပြုခဲ့ကြသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က တီမောလက်စ်တေးနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၂ ရက်နေ့မှာ ကျနော်တို့ ချင်းပြည်နယ်မှာ စစ်အစိုးရကနေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုရယ် လူသား မျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းချက် ကျနော်တို့ လျှောက်လဲခဲ့တယ်။ အဲ့ဒီလျှောက်လဲချက်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ လက်ခံပြီးတော့ စစ်ဆေးဖို့ သူတို့က ကျနော်တို့ကို အကြောင်းကြားလာတယ်ပေါ့။ အခုသူတို့ ရှေ့နေလည်း ခန့်ထားပြီပေါ့နော်။ သူတို့ရဲ့ ဥပဒေလမ်းကြောင်း အတိုင်း သူတို့ ဆောင်ရွက်သွားပါလိမ့်မယ် ဟု ပြောသည်။

ယခုတရားစွဲဆိုမှုတွင် ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်နယ် မတူပီမြို့နယ်၌ ကလေးငယ်တစ်ဦးနှင့် ဂျာနယ်လစ် တစ်ဦး အပါအဝင် လူ ၈ ဦးကို လည်ပင်းလှီးဖြတ် သတ်ဖြတ်မှု၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ခင်ပွန်း ဖြစ်သူရှေ့တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ ခရစ်ယာန်သင်းအုပ်ဆရာ ၄ ဦးကို သတ်ဖြတ်မှုတို့ ပါဝင်သည်။

ထို့အပြင် မင်းတပ်မြို့နယ် ဆေးရုံနှင့် ဘာသာရေး အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်မှု စသည့် အဓိကအချက် ၅ ချက်ကို အခြေခံထားခြင်း ဖြစ်သည်။

အရှေ့တီမောနိုင်ငံသည် ၎င်းတို့နိုင်ငံပြင်ပတွင် ဖြစ်ပွားသည့် ပြစ်မှုများကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ လက်ခံစစ်ဆေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ လမ်းဖွင့်ပေးထားသည့်အတွက် ယခုကဲ့သို့ ရွေးချယ်တရားစွဲဆိုရခြင်း ဖြစ်ကြောင်းလည်း CHRO က ရှင်းပြသည်။

ဆလိုင်းမာန်ဟရဲလျန်က အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ တီမောလက်စ်တေးက ဒီလိုလက်ခံခြင်းအားဖြင့် စစ်ကောင်စီက နိုင်ငံတကာ ရာဇဝတ်ကောင်တွေ ဖြစ်တယ်ဆိုတဲ့ဟာကို တခြားနိုင်ငံတခြားအစိုးရတွေကလည်း ပိုပြီးတော့ အသိအမှတ်ပြုလာမယ် ပိုပြီးတော့ မြန်မာပြည်သူဖက် ရပ်တည်ပေးမယ်။ တရားမျှတရေး အတွက် လည်း တခြားနိုင်ငံတွေက ပိုပြီးတော့ လမ်းဖွင့်ပေးမယ်လို့ ကျနော်တို့က ယူဆတယ်ပေါ့နော် ဟု ဆက် ပြောသည်။

ယခုလုပ်ဆောင်ချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြားတွင် ပထမဆုံးအကြိမ် တရားစွဲဆိုမှု ဖြစ်လာ ပြီး မြန်မာပြည်သူများအတွက် တရားမျှတမှုရရှိရန် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း MAP ၏ ညွှန်ကြားရေး မှူး Chris Gunness က ဆိုသည်။

ဆလိုင်းမာန်ဟရဲလျန်ကတီမောနိုင်ငံကနေ မြန်မာပြည်ထုကိုယ်စား ရပ်တည်ပေးပြီးတော့ ဒီလို ဆောင်ရွက် ပေးတဲ့အတွက် ကျနော်တို့ အရမ်းကို ကျေးဇူးတင်တယ်ပေါ့နော်။ ကျနော်တို့ကို အားဖြစ်စေတယ်။ တစ်ခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကလည်း မြန်မာပြည်သူလူထုရဲ့အသံ၊ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေကိုလည်း ပိုပြီး နားထောင် ပေးပြီးတော့ ကျနော်တို့အရေးထဲမှာ ပါလာပေးလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ တခြားနိုင်ငံတွေ ကိုလည်း တီမောနိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို အားပေးကြဖို့ တိုက်တွန်းချင်တယ် ဟု တိုက် တွန်းထားသည်။

လက်ရှိတွင် နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည့် အတွက် စစ်ကော်မရှင် အနေဖြင့် ကန့်ကွက်မှုများ လုပ်ဆောင်နိုင်ခွင့်ရှိမည် မဟုတ်ကြောင်းလည်း ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ဓါတ်ပုံ – CHRO