မိုးကုတ်နှင့် မိုးမိတ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားဆဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်။
စစ်ကော်မရှင်တပ်က ပြန်လည်ဝင်ရောက်တပ်စွဲထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့တို့တွင် ယခုနှစ်ဆန်းပိုင်းအတွင်း တိုက်ပွဲကြီးငယ် ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက် မှ အကျအဆုံးများသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။
စစ်အုပ်စုဘက်မှ မြို့တွင်းပိုင်း၌ တည်ငြိမ်နေသယောင် ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသော်လည်း မြို့နှင့် တစ်မိုင်ခန့် သာဝေးသည့် ပတ်ဝန်းကျင်ကျေးရွာများတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် တအာင်းတပ်မတော် (TNLA) က မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။
သို့သော် စစ်ကော်မရှင်တပ်များ ပြန်လည်ဝင်ရောက်လာသည့် နောက်တစ်နေ့မှစ၍ ပြည်သူ့ကာကွယ်ရေး တပ်မ တော် (PDF) ပူးပေါင်းတပ်များက ခုခံစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ယနေ့အချိန်အထိ စစ်ရေး တင်းမာမှုများ လျော့ပါးသွားခြင်း မရှိသေးပေ။
မြေပြင်အခြေအနေနှင့် ပတ်သက်၍ မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “မြို့ထဲမှာတော့ အရင်ကထက် ငြိမ်သလို ရှိပေမယ့် အနောက်ခြမ်းဘက်ကတော့ လက်နက်ကြီးသံတွေ နေ့တိုင်းလိုလိုမျိုး မဟုတ်ရင်တောင် မကြာမကြာ ကြားနေရတာ။ မြို့ပြင်ထွက်တာနဲ့ တိုက်ပွဲအသံတွေက ကြားနေရပြီ ဟုတ်တယ်။ တစ်ခါတလေဆို ရှော့တိုက် ဒုံးသံလိုမျိုး၊ လက်နက်ကြီးသံလိုမျိုး ကြားရတယ်။ မြို့ထဲအထိပါ တုန်သွားတာမျိုး ရှိတယ်” ဟု ပြောသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း တိုက်ပွဲကြီး ၇ ကြိမ်နှင့် ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲကြီးငယ် ၁၀ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၂၁ ဦး သေဆုံးခဲ့ပြီး PDF ရဲဘော်အချို့ လည်း ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
ထို့ပြင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုလည်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထား ကြောင်း မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်တပ်ဘက်က မြို့ကို သူတို့စိုးမိုးထားနိုင်ပြီလို့ ပြောနေတာက ဟန်ပြ သက် သက်ပဲ။ ကျနော်တို့ PDF တွေက မြို့ပတ်ပတ်လည်မှာ ရှိနေတယ်။ သူတို့ရဲ့ ထောက်ပံ့ရေး လမ်းကြောင်း တွေနဲ့ အုပ်ချုပ်ရေးပစ်မှတ်တွေကို အထူးစစ်ဆင်ရေးတွေနဲ့ နေ့တိုင်း ထိုးနှက်နေတာ။ မြို့အနောက်ခြမ်းက ရွာတွေမှာ ဆိုရင် သူတို့ တော်တော်လေး အထိနာနေတာတွေ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် PDF တပ်ဖွဲ့များသည် စစ်ရေးတိုက်ခိုက်မှုများအပြင် နယ်မြေလုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက်နေကြောင်း ဆိုသည်။
ပုသိမ်-မုံရွာ လမ်းပိုင်းနှင့် မိုးကုတ်-မိုးမိတ် လမ်းပိုင်းတလျှောက် စစ်ရေးအခြေအနေမှာ အချိန်မရွေး ပေါက်ကွဲနိုင် သည့် အနေအထားတွင် ရှိနေသဖြင့် ခရီးသွားပြည်သူများ အနေဖြင့် လုံခြုံရေးသတိ အထူးရှိကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။