အကြမ်းဖက် ပုဒ်မများဖြင့် စွဲဆို ခံထားရသူများ အမှုပိတ်သိမ်းခြင်း မရှိသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်။
စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်နှင့် အတူ စွဲဆိုထားသော အမှုများကို ပိတ်သိမ်းပေးမည်ဟု ကြေညာ ထားသော်လည်း မြိတ်ဒေသအတွင်း တိမ်းရှောင် နေရသူများနှင့် ကြားနာစစ်ဆေးဆဲ အမှုတွဲအများအပြားမှာမူ ဥပဒေကြောင်းအရ ထူးခြားသော တိုးတက်မှုများ မရှိသေးဘဲ အကျဉ်းထောင်တွင်းနှင့် တရားရုံးများတွင် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
အမှုများ ပိတ်သိမ်းခြင်း မရှိသေးသော်လည်း မြိတ်အကျဉ်းထောင်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ်ကျ ခံနေရသူ အချို့ အပါအဝင် စုစုပေါင်း ၃၅ ဦး ပြန်လည်လွတ်မြောက်လာခဲ့ သည်ဟု ဒေသခံ သတင်း ရင်းမြစ်များက ဆိုသည်။
မတ်လ ၂ ရက် နံနက်ပိုင်းတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၆ ဦးကို ဦးစွာလွှတ်ပေးခဲ့ပြီး၊ ညနေပိုင်းတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး ထပ်မံလွတ်မြောက်လာခဲ့ရာ တစ်နေ့တာအတွင်း စုစုပေါင်း ၃၅ ဦး လွတ် မြောက်လာခြင်း ဖြစ်သည်။
လွတ်မြောက်လာသူများထဲတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာခြင်းမှာ ထူးခြားချက်တစ်ခု ဖြစ်သည်။
သို့သော်လည်း အမှုတူများထဲမှ အချို့မှာမူ ချန်လှပ်ထားခြင်းခံရသည့်အတွက် မိသားစုဝင်များအကြား ဝမ်းနည်း မှုနှင့် စိုးရိမ်မှုများ ရှိနေကြသည်။
အကျဉ်းကျခံနေရသူများ၏ အသက် ၅၀ ခန့်အရွယ် ဖခင်ဖြစ်သူက “ပြန်လွတ်လာသူတွေထဲမှာ အကြမ်းဖက် ဥပဒေ ပုဒ်မနဲ့ ထောင်ချခံထားရသူတွေပါသလို၊ ထောင်ဒဏ် ဆယ်နှစ်ကျော်ချခံထားရသူတွေလည်း ပါပါတယ်။ ၂၀၂၅ ခုနှစ် သြဂုတ်လတုန်းက အမိန့်ချထားတဲ့ ပင်လယ်ရွာဘက်က မောင်နှမနှစ်ယောက်မှာ ၅ နှစ်ကျတဲ့ အမျိုးသား တစ်ယောက်တော့ လွတ်ပြီ၊ ၁၇ နှစ်ကျထားတဲ့ အမျိုးသမီးကတော့ အခုထိ မလွှတ်ပေး သေးဘူး” ဟု ပြောသည်။
မတ်လ ၁ ရက်နေ့ ညပိုင်းက နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ကြေညာခဲ့သည့် စစ်ကော်မရှင်၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည နှင့် ၅၂-က တို့ဖြင့် စွပ်စွဲခံထားရသူ ၇,၃၃၇ ဦးနှင့် အခြားအကျဉ်းသား ၂,၈၂၅ ဦး ပါဝင်သည်။
ထို့အပြင် နိုင်ငံခြားသား အကျဉ်းသား ၁၀ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးသည့်အနေဖြင့် လွှတ်ပေးခဲ့သည်။ သို့ရာတွင် ဤလွတ်မြောက်မှုနောက်၌ တင်းကျပ်သော ကန့်သတ်ချက်များ ပါဝင်နေသည်။
ပြန်လည်လွတ်မြောက်လာသူများအနေဖြင့် နောက်နောင်တွင် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိ သော ပြစ်ဒဏ်များကိုပါ ပေါင်းစပ်၍ ဆက်လက်ကျခံရမည်ဟူသော ‘ဝန်ခံကတိ’ ပုဒ်မ ၄၀၁ ဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်က မတ်လ ၂ ရက်နေ့ မတိုင်မီ ပြစ်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေး မည်ဟု ဆိုသော်လည်း လူသတ်မှု၊ မုဒိမ်းမှုနှင့် ပေါက်ကွဲမှုဆိုင်ရာအမှုများ၊ မတရားသင်း အက်ဥပဒေနှင့် လက်နက်မှုများ၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးစီမံမှုနှင့် အဂတိလိုက်စားမှုများ ကို ချန်လှပ်ထားသည်။