တရက်တည်း ကုန်သင်္ဘော ၆ စီးထက်မနည်း တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲကြောင့် ပင်လယ်ကွေ့ဒေသအတွင်း ကုန်သွယ်ရေးသင်္ဘောများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး ဗုဒ္ဓဟူးနေ့ (မတ်လ ၁၁ ရက်) က သင်္ဘော ၆ စင်းထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသည်။
စစ်ပွဲစတင်ချိန်မှစ၍ ယခုအထိ တိုက်ခိုက်ခံရသည့် သင်္ဘောစုစုပေါင်း ၁၆ စင်းထက်မနည်း ရှိလာပြီဖြစ်သည်။
အီရတ်နိုင်ငံ၊ ဘာစရာ (Basra) ဆိပ်ကမ်းအနီးတွင် ရေနံတင်သင်္ဘော ၂ စင်း (Safesea Vishnu နှင့် Zefyros) ကို အီရန်ပေါက်ကွဲစေတတ်သော စက်လှေများဖြင့် တိုက်ခိုက်ခဲ့သည်။
သင်္ဘောများ မီးလောင်ကျွမ်းခဲ့ပြီး သင်္ဘောသားတစ်ဦး သေဆုံးကာ အခြားသူများကို အီရတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်နိုင်ခဲ့သည်။
ဤတိုက်ခိုက်မှုကြောင့် အီရတ်၏ ရေနံတင်ပို့သည့် ဆိပ်ကမ်းများအားလုံး လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ရသည်။
ထိုင်းနိုင်ငံအလံတင်ထားသည့် Mayuree Naree အမည်ရှိ ကုန်တင်သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် တိုက်ခိုက်ခံခဲ့ရသည်။
အင်ဂျင်ခန်း မီးလောင်ပျက်စီးခဲ့ပြီး သင်္ဘောသား ၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
ကျန်ရှိသော သင်္ဘောသား ၂၀ ဦးကိုမူ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။
အီရန်တော်လှန်ရေးအစောင့်တပ်က ၎င်းတို့၏ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျပန်အလံတင် ကွန်တိန်နာသင်္ဘော (ONE Majesty)၊ ဂရိပိုင် ကုန်တင်သင်္ဘော (Star Gwyneth) နှင့် အခြားကွန်တိန်နာသင်္ဘောတစ်စင်းတို့လည်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကမ်းလွန်ပင်လယ်ပြင်တွင် တိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့သည်ဟု ဆိုသည်။
ကမ္ဘာ့ရေနံသုံးစွဲမှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ လုံးဝရပ်တန့်လုနီးပါး ဖြစ်နေသည်။ အီရန်ဘက်ကလည်း ၎င်းတို့အပေါ် တိုက်ခိုက်မှုများ ဆက်ရှိနေပါက အရှေ့အလယ်ပိုင်းမှ ရေနံတစ်စက်မှ အပြင်သို့ ထွက်ခွာခွင့်မပြုဟု ခြိမ်းခြောက်ထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်၏ ရေတပ်မှာ အားနည်းသွားပြီဖြစ်၍ သင်္ဘောကုမ္ပဏီများအနေဖြင့် သတ္တိရှိရှိ ဆက်လက်သွားလာကြရန် တိုက်တွန်းထားပြီး လိုအပ်ပါက အမေရိကန်ရေတပ်က လိုက်ပါစောင့်ရှောက်ပေးမည်ဟု ဆိုသည်။
သို့သော်လည်း အမေရိကန်ရေတပ် တာဝန်ရှိသူများကမူ လက်ရှိတွင် တိုက်ခိုက်ခံရနိုင်ခြေ အလွန်မြင့်မားနေသဖြင့် သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးရန် ငြင်းဆိုထားသည်ဟု ဆိုသည်။