ကွတ်ခိုင် မြို့ပေါ်နှင့် အနီးဝန်းကျင် တပ်စခန်း အများစုကို ကိုးကန့်တပ် MNDAA က စိုးမိုးထားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်။ 

ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ်ရှိ နေရာအများစုနှင့် အနီးဝန်းကျင်ရှိ တအာင်းတပ် TNLA စခန်းများကို ကိုးကန့်တပ် MNDAA က ဝင်ရောက်စိုးမိုးထားပြီ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် မြို့ခံများက ပြောသည်။ 

ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ပေါ်ရှိ TNLA ၏ နောက်ဆုံးခုခံစစ် စခန်းဖြစ်သော ဗျူဟာကုန်းကို MNDAA က ဒရုန်းအစင်းရေများစွာ အသုံးပြု၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။

ကွတ်ခိုင်မြို့ခံ တစ်ဦးက မြို့ပေါ်အခြေအနေနှင့် ပတ်သက်၍ ကွတ်ခိုင်မြို့မှာ ရပ်ကွက်ကြီး ၈ ခု ရှိတယ်။ စစ်တပ်စခန်း၊ ရဲစခန်းတွေ ရှိတဲ့ ရပ်ကွက် (၁) မှာ တိုက်ပွဲတွေက အပြင်းအထန်ဆုံး ဖြစ်နေတာဗျ။ မနေ့ ညကတည်းက ဒရုန်းတွေ ဆက်တိုက် ပစ်တာ ဒီနေ့အထိပဲ။ အခု MNDAA တပ်ဖွဲ့ဝင်တွေက မြို့ပေါ်က အိမ်တွေကို သွားရောက်ပြီး အရပ်သားတွေနဲ့ တွေ့ဆုံနေပြီ ဟု ပြောသည်။

ယနေ့ နံနက် ၈ နာရီခန့်မှစ၍ ကွတ်ခိုင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ TNLA ၏ မြို့စောင့်တပ် ဗျူဟာကုန်းကို MNDAA က ဒရုန်း ၁၀ စင်းထက်မနည်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး၊ နံနက် ၁၀ နာရီခွဲအထိ ဒရုန်းဗုံး ၁၀၀ ထက်မနည်း အသုံးပြုကာ မြေပြင်စီးနင်းရန် ကြိုးပမ်းနေကြောင်း ဆိုသည်။ 

TNLA ဘက်မှလည်း ဗျူဟာကုန်းမှနေ၍ အပြင်းအထန်ပြန်လည် ခုခံနေသဖြင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ MNDAA သည် တပ်အင်အား အများအပြားကို အသုံးပြု၍ ကွတ်ခိုင် မြို့နယ်ရှိ နမ့်ဖတ်ကာနှင့် ၁၂ မိုင်ရွာတို့ကိုပါ ထိုးစစ်ဆင်နေပြီး၊ နမ့်ခမ်းမြို့အထိပါ သိမ်းယူရန် ရည်ရွယ်ထားပုံရသည်ဟုလည်း ဆိုသည်။

ယနေ့နံနက်ပိုင်းတွင် ကွတ်ခိုင်နှင့် နမ့်ခမ်းကြားရှိ မိုင်းယုလေးဒေသကို MNDAA က ထိန်းချုပ်လိုက်ပြီဟု ဆို သည်။

တိုက်ပွဲများကြောင့် မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အဝင်အထွက်ကိုလည်း MNDAA ဘက်က ပိတ်ထားသည်။ 

မူဆယ် ၁၀၅ မိုင် အခြေအနေနှင့် ပတ်သက်၍ ဒေသခံအမျိုးသားတစ်ဦးက ဒီနေ့ မနက် ၉ နာရီလောက်ကစပြီး ကား၊ ဆိုင်ကယ် အဝင်အထွက် ပေးမလုပ်တော့ဘူး။ အရေးပေါ်ဘာကိစ္စနဲ့မှတောင် ပေးမထွက်တော့ဘူး ဟု ပြောသည်။ 

အလားတူ လားရှိုး-နမ္မတူကြားရှိ အီနိုင်းတံတားကိုလည်း ပိတ်ထားသဖြင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေ သည်။

ယခုဖြစ်ပွားနေသည့် ပဋိပက္ခသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွတ်ခိုင်ရှိ MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်က ဖယ်ရှားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ 

MNDAA က TNLA ဘက်မှ ကင်းလှည့်တပ်ဖွဲ့ကို စတင်တိုက်ခိုက်ခဲ့သဖြင့် တန်ပြန်ခုခံရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး၊ TNLA ဘက်ကမူ ၎င်းတို့အနေဖြင့် ‘မိတ်ဖက်ပြဿနာ’ ဟုသာ သတ်မှတ်ထားသဖြင့် ပြန်လည် ပစ်ခတ်ခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေကြောင်း ဆိုထားသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသော်လည်း မြေပြင်တွင်မူ နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေပြီး ပိုမိုပြင်းထန်လာမည့်အခြေအနေတွင် ရှိနေသည်။