ရွေးကောက်ပွဲရလဒ် နှင့် NCA လမ်းကြောင်းကို မွန်ဖိုရမ် လက်မခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်။ 

စစ်ကော်မရှင်၏ “အတုအယောင်” ရွေးကောက်ပွဲနှင့် NCA လမ်းကြောင်းကို လက်ခံမည်မဟုတ်ကြောင်း မွန်တော်လှန်ရေးဖိုရမ် ကြေညာလိုက်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာမည့် မည်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းကိုမဆို အသိအမှတ်ပြုမည် မဟုတ်သလို၊ NCA စာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှုများကိုလည်း လုံးဝလက်ခံမည်မဟုတ်ကြောင်း မွန်တော်လှန်ရေးအင်အားစုများက ပြောဆိုလိုက်သည်။ 

မွန်ဖိုရမ်ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်းရော့က ၂၀၀၈ ဖွဲ့စည်းပုံကိုအခြေခံပြီး ကျင်းပသည့် ၂၀၂၅ အတု အယောင် ရွေးကောက်ပွဲမှ ထွက်လာသည့် မည်သည့် အုပ်ချုပ်ရေးအဖွဲ့ကိုမဆို အသိအမှတ်မပြုပါ။ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှ ထွက်လာသည့် ပြည်ထောင်စုနှင့် ပြည်နယ်၏ အုပ်ချုပ်ရေးအဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းသူများ ဖြစ်သောကြောင့် နည်းလမ်းပေါင်းစုံဖြင့် အရေးယူ ဆောင်ရွက်သွား မည် ဟု ပြောသည်။

မွန်ပြည် တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်တစ်ရပ် ဖော်ထုတ်ရန် ရည်ရွယ်၍ မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည့် ‘မွန်တော်လှန်ရေးဖိုရမ်’ မှတစ်ဆင့် ယခုကဲ့သို့ သဘော ထား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

အဆိုပါဖိုရမ်သို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး-NMSP/AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC) တို့အပြင် မွန်အရပ်ဘက်အဖွဲ့အစည်းများ၊ သံဃာတော်များနှင့် လေ့လာသူများ စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြသည်။

ဖိုရမ်၏ ထုတ်ပြန်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ကို အခြေခံထားသည့် မည်သည့်နိုင်ငံရေးဆွေးနွေးပွဲကိုမျှ လက်မခံကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှု လုံးဝမရှိစေရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲသွားမည့် သဘောထားများကိုလည်း ချမှတ်ခဲ့ကြသည်။

၃ ရက်ကြာ ဆွေးနွေးမှုများအပြီးတွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်၍ နိုင်အောင်းရော့ က ဘုံသဘောတူညီချက်များကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိသော မွန်ပြည်ကို တည်ဆောက်သွားမည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်အားလုံး တိုက်ဖျက်ရန်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်။ လူမျိုးများအားလုံး တန်းတူညီရေးနှင့် တိုင်းရင်းသား လူမျိုးများ ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များ အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို ချဉ်းကပ်သည့်နည်းလမ်းဖြင့် တည်ဆောက်သွားရန်။ အာဏာရှင်စနစ်အားလုံးကို အထောက်အကူပြုသည့် လုပ်ရပ်များအားလုံး တိုက်ဖျက်သွားရန် ဖြစ်သည်ဟု ပြောသည်။

ထို့ပြင် မွန်တော်လှန်ရေးကာလအတွက် ရည်ရွယ်၍ ‘မွန်ပြည်တော်လှန်ရေး ပဋိညာဉ်’ (Mon State Revolutionary Charter) ကို အင်အားစုအသီးသီး၊ ဥပဒေပညာရှင်များနှင့် ပူးပေါင်းကာ ရေးဆွဲသွားမည်ဟု ဆိုသည်။ 

နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် ‘မွန်တော်လှန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့’ ကိုလည်း ဖွဲ့စည်းခဲ့ပြီး မွန်ပြည် အတွင်း စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေးကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။