အီရန် စစ်ပွဲတွင် AI များ အရေးပါလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်။ 

အီရန်စစ်ပွဲအတွင်းမှာ အမေရိကန်စစ်တပ်ဟာ ပစ်မှတ်တွေကို စက္ကန့်ပိုင်းအတွင်း ရှာဖွေဖော်ထုတ်နိုင်ဖို့ AI စနစ်တွေကို အားကိုးလာသလို၊ တစ်ဖက်မှာလည်း လူမှုကွန်ရက်ပေါ်မှာ AI နဲ့ ဖန်တီးထားတဲ့ သတင်းမှားတွေက လူထုတွေကို ဝေဝါးစေပါတယ်။ 

အမေရိကန်စစ်တပ်ဟာ Palantir ကုမ္ပဏီထုတ် Maven Smart System ကို အသုံးပြုပြီး အီရန်နိုင်ငံအတွင်းက ပစ်မှတ်ပေါင်း ၁၁,၀၀၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ် လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

ဒီစနစ်ဟာ ဒရုန်းဗီဒီယိုတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ထောက်လှမ်းရေးသတင်းတွေကို ပေါင်းစပ်ပြီး ဘယ်နေရာကို တိုက်ခိုက်ရမလဲဆိုတာ အကြံပြုပေးတာပါ။

ဒါပေမယ့် Palantir UK ကုမ္ပဏီ အကြီးအကဲ လူးဝစ် မော့စ်လေ Louis Mosley ကတော့ နောက်ဆုံးဆုံးဖြတ်ချက်ကို လူတွေက ပဲ ချမှတ်တာဖြစ်ပြီး AI ကတော့ အချက်အလက် အမြောက်အမြားကို လူသားတွေ တစ်ခုချင်း လိုက်မကြည့်နိုင်ခင် အမြန်ဆုံး စုစည်းပေးတာပဲ ဖြစ်တယ် လို့ ရှင်းပြပါတယ်။ 

အမေရိကန် အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် အကြီးအကဲလေတပ်ဗိုလ်ချုပ် ဘရက်ဒ် ကူးပါး (Adm Brad Cooper) ကတော့  AI က ခေါင်းဆောင်တွေကို သတင်းအချက်အလက်တွေကြားက 

အမှိုက်တွေကို ဖယ်ထုတ်ပေးပြီး ရန်သူက တုံ့ပြန်ဖို့ မပြင်နိုင်ခင်မှာ ပိုမိုမြန်ဆန်၊ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်အောင် ကူညီပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့်လည်း AI ကြောင့် စစ်ဆင်ရေးတွေဟာ “အတွေးထက် ပိုမြန်တဲ့နှုန်း” နဲ့ ဖြစ်ပေါ်နေတာကြောင့် လူသားတွေအနေနဲ့ ပစ်မှတ်ဟာ တကယ်ပဲ စစ်ရေးပစ်မှတ် ဟုတ်၊ မဟုတ် ပြန်လည်စစ်ဆေးဖို့ အချိန်မရတော့မှာကို ပညာရှင်တွေက စိုးရိမ်နေကြတယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။  

မတ်လဆန်းပိုင်းက အီရန်နိုင်ငံ မီနပ်ဘ် (Minab) မြို့က ကျောင်းတစ်ကျောင်း ဗုံးကြဲခံရပြီး ကလေးငယ် ၁၁၀ အပါအဝင် ၁၆၈ ဦး သေဆုံးခဲ့ရမှုဟာ AI ကြောင့် မှားယွင်းတဲ့ ပစ်မှတ်ကို ရွေးချယ်မိတာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဘီဘီစီ ကမ္ဘာတဝှမ်း အစီအစဉ်က သတင်းတပုဒ်မှာ ဘုရင်မ မေရီ တက္ကသိုလ်က ပါမောက္ခတယောက်ကို ကိုးကား ဖော်ပြထားပါတယ်။ Prof Elke Schwarz က AI အပေါ် အလွန်အကျွံ အားကိုးလာရင် လူသားတွေရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းသွားပြီး အရပ်သားတွေ သေဆုံးဖို့ အခွင့်အလမ်း ပိုများလာစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ 

စစ်မြေပြင်က ပစ်မှတ်ရှာရာမှာ AI ကို အသုံးပြုနေသလို အင်တာနက်ပေါ်မှာလည်း AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုအတုတွေ ပျံ့နှံ့နေပါတယ်။ 

အမေရိကန်စစ်သားတွေကို အီရန်က ဖမ်းဆီးထားတဲ့ပုံစံတွေ၊ အစ္စရေး လေဆိပ်တွေ ဗုံးကြဲခံရတဲ့ ပုံစံတွေကို AI နဲ့ လက်ရာမြောက်စွာ ဖန်တီးပြီး ဝါဒဖြန့်နေကြတာပါ။

အင်္ဂလန်နိုင်ငံ ဘာကလေ တက္ကသိုလ်က ပါမောက္ခ ဟာနီ ဖာရစ် Hany Farid က အရင်က အတုတွေက အနည်းအကျဉ်းသာ ဖြစ်ပြီး ချက်ချင်း သိသာတယ်၊ အခုက အတုတွေ ရာနဲ့ ချီလာပြီး အစစ်နဲ့ တူတာကြောင့် လူတွေကလည်း ထပ်ဆင့် ဝေမျှနေကြတယ်လို့ ထောက်ပြထားပါတယ်။ 

အနာဂတ် စစ်ပွဲတွေမှာ AI ဟာ မလွဲမသွေ ပါလာတော့မှာ ဖြစ်ပေမယ့် AI ကြောင့် သတင်းအမှားတွေကို အမှန်မထင်ဖို့နဲ့ အရပ်သား ထိခိုက်မှုတွေကို ကာကွယ်ဖို့ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။