အမှိုက်ကား မလာ၍ ပုသိမ်မြို့ခံများ အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီက အခွန်များကို တိုးမြှင့်ကောက်ခံခဲ့ သော် လည်း စက်သုံးဆီပြတ်လပ်သည်ဟု အကြောင်းပြကာ ရပ်ကွက်များအတွင်း အမှိုက်သိမ်းယာဉ်များ လာရောက် ခြင်း မရှိတော့သဖြင့် မြို့ခံများ အမှိုက်စွန့်ပစ်ရန် အခက်အခဲဖြစ်နေကြသည်။

ပုသိမ်စည်ပင်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဒုတိယ (၆) လပတ်အတွက် အဆောက်အအုံနှင့် မြေခွန်၊ လမ်းမီးခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန် စသည့် အခွန် (၃) မျိုးပေါင်းကို ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံ ခဲ့ခြင်း ဖြစ်သည်။

အသက် (၅၀) ကျော်အရွယ် အခွန်ထမ်းတစ်ဦးက တစ်နှစ်ကို နှစ်ကြိမ်ဆောင်ရတာ၊ ခြောက်လတစ်ကြိမ်ပေါ့။ မြေခွန်လို့ပဲ အလွယ်ခေါ်ကြတာ။ အရင်နှစ်က ၁၄၀၀ ကျပ် ဆောင်ရတယ်၊ ဒီနှစ်မှာ ၂၁၀၀ ကျပ်ထိ တက်ဆောင်ရတာ။ အခွန်သာတိုးဆောင်နေရတာ အမှိုက်ကားက မလာတာကြာပြီ ဟု ပြောသည်။

စစ်အုပ်စုက ပြုလုပ်သည့် ရွေးကောက်ပွဲ ကာလမတိုင်မီက တစ်ရက်ခြား အချိန်မှန် လာရောက်ခဲ့သော်လည်း မတ်လဆန်းပိုင်းမှ စတင်ကာ အမှိုက်သိမ်းယာဉ်များမှာ သုံးရက်ခြား တစ်ခါခန့်သာ လာရောက်တော့ကြောင်း မြို့ခံများက ဆိုသည်။

ပုသိမ်မြို့ခံ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးကလည်း သူတို့လုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင်တုန်း ကတော့ မြို့ကလမ်းမတွေပေါ်မှာ အမှိုက်တစ်စမြင် တစ်စကောက် ဆိုတဲ့ဆောင်ပုဒ်နဲ့ မြို့တော်သာယာလှပ သန့်ရှင်းစေရမယ်တဲ့ မဲဆွယ်တာလေ။ ခုကတော့ ငြမ်းဖျက်တာမဟုတ်ဘူး၊ ဖြိုပါပစ်လိုက်တာ ဟု စည်ပင်၏ ပြောင်းလဲသွားသော အခြေအနေကို ဝေဖန်ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်း အရှေ့အလယ်ပိုင်း စစ်ရေးအခြေအနေကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကို အခွင့်ကောင်းယူကာ စည်ပင်က အမှိုက်သိမ်းခြင်းလုပ်ငန်းကို လျှော့ချခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ယူဆနေ ကြသည်။ 

အမှတ် (၂) ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက စည်ပင်က ဆီပြတ်တာကို အခွင့်ကောင်းယူပြီး အမှိုက်သိမ်းကား ပျောက်သွားလိုက်တာ။ တစ်ပတ် တစ်ရက်လောက်ကနေ ခုတော့ သင်္ကြန်မကျခင်ကတည်းက လုံးလုံး မလာ တော့တာ ခုချိန်ထိပဲ ဟု ပြောသည်။

ထို့ပြင် စည်ပင်ဝန်ထမ်းအချို့သည် သတ်မှတ်ထားသည့် အမှိုက်သိမ်းခေါက်ရေကို လျှော့ချကာ ပိုလျှံသည့် စက်သုံးဆီများကို မှောင်ခိုဈေးကွက်တွင် ပြန်လည်ရောင်းချ၍ ကိုယ်ကျိုးရှာနေကြကြောင်း စည်ပင်ဝန်ထမ်း တစ်ဦးက ပြောသည်။ 

ထိုသို့ ရပ်ကွက်များအတွင်း အမှိုက်မသိမ်းသော်လည်း ငွေကြေးပေးနိုင်သည့် ကုန်စိမ်းဒိုင်များနှင့် ကြံဆိုင်ကြီးများ ရှိရာ နတ်လမ်းတစ်ကြောတွင်မူ အမှိုက်များကို နေ့စဉ်သိမ်းပေးနေကြောင်း ဈေးသည်များက ဆိုသည်။

မြို့မဈေးမှ ဈေးသည်တစ်ဦးက နတ်လမ်းက ကြံဆိုင်တွေနဲ့ ကုန်စိမ်းဒိုင်တွေက ငွေပေးနိုင်ကြတော့ သူတို့ အမှိုက်တွေကိုတော့ တစ်နေ့မှမပျက်ဘူး သိမ်းပေးနေတာ ဟု ပြောသည်။

လက်ရှိတွင် အမှိုက်ပုံများအနီး နေထိုင်သူများမှာ အနံ့ဆိုးများ၊ ယင်ကောင်နှင့် ကြွက်များ ပေါများလာမှုကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေကြပြီး မိုးမကျမီ အမှိုက်များကို အမြန်ဆုံး ရှင်းလင်းပေးရန် လိုလားနေကြ သည်။ 

ပုသိမ်စည်ပင်သည် အများပိုင် မြေကွက်များကို လက်သိပ်ထိုးရောင်းချခြင်း၊ လာဒ်ငွေယူ၍ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုခြင်းနှင့် အိုးဝေ၊ ဆိုင်ကယ် ဘီးခွန်များကို ယခင်ကထက် (၂) ဆ တိုးမြှင့် ကောက်ခံနေခြင်းတို့ကြောင့်လည်း မြို့ခံများ၏ ဝေဖန်မှုကို ခံနေရသည်။