ဘားဆိုင်ပိုင်ရှင်က အမျိုးသမီးဝန်ထမ်းအား သတ်ပြီး ထွက်ပြေးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်။
ရှမ်းပြည်၊ တောင်ကြီးမြို့ရှိ “Peter” ဘားဆိုင်ပိုင်ရှင်ဖြစ်သူက အသက် (၁၆) နှစ်အရွယ်ရှိ အမျိုးသမီး ဝန်ထမ်းတစ်ဦးအား ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေကြောင်း ဒေသခံများနှင့် နီးစပ်သူများက ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၄ ရက်နေ့ ညသန်းခေါင်အချိန်တွင် တောင်ကြီးမြို့၊ ပြည်တောင်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ အဆိုပါဘားဆိုင်၌ ပိုင်ရှင်ဖြစ်သူ ပီတာ (ခေါ်) အောင်မျိုးသူက အမျိုးသမီး ဝန်ထမ်း အား မျက်နှာ၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့ကို အညိုအမည်းစွဲသည်အထိ ပြင်းထန်စွာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
ရိုက်နှက်ခံရသည့် ဝန်ထမ်းအမျိုးသမီးမှာ ညတွင်းချင်းပင် သေဆုံးသွားခဲ့သည်ဟု နီးစပ်သူများက ခန့်မှန်းထား ကြသည်။
သေဆုံးသူမှာ ညောင်ရွှေမြို့နယ်၊ မင်းချောင်းရှေ့ကျေးရွာမှဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၁၆ နှစ်သာ ရှိသေး သည်ဟုဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နီးစပ်သူတစ်ဦးက “ကောင်မလေးက အသက်မပြည့်သေးဘူးဗျာ့။ မသေခင် ဘယ် လောက်တောင် ခံစားရမလဲ။ ဧည့်သည်ပေးတဲ့ မုန့်ဖိုး ၅ ထောင်ကို သူ့ဆီ ပြန်မပေးလို့ ရိုက်တာလို့ ကြားတယ်။ ဒီကောင် လွတ်သွားတယ် ဆိုရင်တောင် ဘားလောကမှာ ဆက်ရပ်တည်လို့ မရတော့ပါဘူး” ဟု ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် မေလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကျူးလွန်သူ၏ ဇနီးဖြစ်သူက နာရေးပြုလုပ်ရန် စီစဉ်နေခဲ့သော်လည်း ပိုင်ရှင် ပီတာ ဆိုသူမှာမူ နံနက် ၅ နာရီခန့်တွင် ကားဖြင့် ထွက်ပြေးသွားသည်ကို အိမ်နီးနား ချင်းများက တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။
ရပ်ကွက်နေ ပြည်သူတစ်ဦးက “သူတို့ အဲညအော်သံတွေ ကြားကတည်းက သေနေပြီလားတော့ မသိဘူး။ မနက်ရောက်တော့ သူ့မိန်းမက ရပ်ကွက်ကို အကြောင်းကြားပြီး နာရေးလုပ်ဖို့ စီစဉ်နေတာ။ အဲ့ဒါနဲ့ အိမ်နီး နားချင်းလည်း မသိရဘူး။ ကျမတို့လည်း စပ်စုကြည့်တော့ ဝန်ထမ်း ကောင်မလေး ဖြစ်နေတာ။ နောက်ရက် မနက်ကြတော့ ပိုင်ရှင်က မရှိတော့ဘူး” ဟု ပြောသည်။
အဆိုပါ ‘Peter’ ဘားဆိုင်မှာ ယခင်က ညောင်ရွှေနှင့် ကလောမြို့တို့တွင် ဖွင့်လှစ်ခဲ့ဖူးပြီး ၂၀၂၄ ခုနှစ် ရေကြီးမှု နောက်ပိုင်းတွင် တောင်ကြီးမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၎င်းဘားဆိုင်တွင် အသက်မပြည့်သေးသည့် အမျိုးသမီးများအား ခန့်အပ်ထားလေ့ရှိပြီး ဝန်ထမ်းများအပေါ် မကြာခဏ ရိုက်နှက်လေ့ရှိကြောင်းလည်း နီးစပ်သူများက ပြောသည်။
လက်ရှိတွင် ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ၎င်း၏ နီးစပ်သူများမှတစ်ဆင့် လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။