အီရန် စစ်ပွဲရပ်စဲရေး နီးစပ်မှုကြောင့်ရေနံဈေးကျ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်။ 

အမေရိကန်နှင့် အီရန်တို့အကြား လက်ရှိဖြစ်ပွားနေသော စစ်ပွဲအား ရပ်စဲရန် သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာဈေးကွက်များ ပြန်လည်မြင့်တက်လာခဲ့ပါသည်။

Axios သတင်းဌာန၏ ဖော်ပြချက်အရ နှစ်ဖက်စလုံးသည် စစ်ပွဲအဆုံးသတ်ရေးအတွက် စာမျက်နှာတစ်မျက်နှာပါရှိသော နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ် လက်မှတ်ရေးထိုးရန် အလွန်နီးစပ်သည့် အခြေအနေသို့ ရောက်ရှိနေကြသည်။ 

အဆိုပါ သဘောတူညီချက်တွင် ဒေသတွင်းစစ်ပွဲအား အဆုံးသတ်ရန်၊ (၃၀) ရက်အတွင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အား ပြန်လည်ဖွင့်လှစ်ရန်၊ အီရန်၏ နျူကလီးယားအစီအစဉ်အား ကန့်သတ်ရန်နှင့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် အသေးစိတ်ညှိနှိုင်းရန်ဟူသည့် အချက်များ ပါဝင်ပါသည်။

အဆိုပါ သတင်းကြောင့် နိုင်ငံတကာရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၉၇ ဒေါ်လာအထိ ကျဆင်းသွားခဲ့ပြီး လန်ဒန်၊ ဂျာမနီနှင့် အာရှစတော့ဈေးကွက်များမှာမူ သိသာစွာ မြင့်တက်လာခဲ့ပါသည်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီသည်လည်း မေလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ပြီး စစ်ပွဲအား လုံးဝရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းစွာ သွားလာနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ တိုက်တွန်းခဲ့ပါသည်။