ထိုင်းနိုင်ငံတွင် အရက် သောက်သုံးရောင်းချမှု အပေါ် ထပ်မံတင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။ 

ထိုင်းနိုင်ငံအတွင်း အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ အရက်၊ ဘီယာ ရောင်းချခြင်းနှင့် သောက်သုံးခြင်းကို တားမြစ်သည့် စည်းမျဉ်းအသစ် (၈) ချက်ကို အစိုးရက ထုတ်ပြန်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ 

မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါစည်းမျဉ်းများတွင် ရောင်းချခြင်းသာမက သောက်သုံးခြင်းကိုပါ ပိတ်ပင်ထားခြင်းဖြစ်သည်။

တားမြစ်ချက်များတွင် အောက်ပါအချက်များ ပါဝင်သည် –

  • လမ်းမပေါ်၊ မော်တော်ယာဉ်ပေါ် သို့မဟုတ် လမ်းဘေးတွင် ရပ်ထားသော ယာဉ်ပေါ်တွင် ရောင်းချခြင်း မပြုရ။
  • မီးရထားဘူတာရုံနှင့် ရထားပေါ်တွင် ရောင်းချခြင်း မပြုရ။ (ဘန်ကောက်ဘူတာကြီးရှိ လေအေးပေးစက်ပါ ခမ်းမအတွင်း ကျင်းပသော အထူးပွဲလမ်းများမှအပ)
  • အများပြည်သူသုံး ဆိပ်ကမ်းနှင့် ကူးတို့သင်္ဘောဆိပ်များတွင် ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရ။
  • တစ်နိုင်ငံလုံးရှိ ခရီးသည်တင်ယာဉ် လိုင်းကားဂိတ်များတွင် ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရ။
  • အရက်ချက်စက်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်အရ မြည်းစမ်းခြင်းမှလွဲ၍ စက်ရုံဝင်းအတွင်း ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရ။
  • အစိုးရဌာနဆိုင်ရာ အဆောက်အအုံနှင့် နိုင်ငံပိုင်လုပ်ငန်းနယ်မြေများတွင် ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရ။ (ဝန်ထမ်းအိမ်ရာ၊ ကလပ်များနှင့် သတ်မှတ်ထားသော ရိုးရာဧည့်ခံပွဲနေရာများမှအပ)
  • အစိုးရဌာန သို့မဟုတ် နိုင်ငံပိုင်လုပ်ငန်းပိုင် အများပြည်သူအပန်းဖြေပန်းခြံများတွင် ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရ။
  • နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ရုံးဝင်းအတွင်း ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုရ။

အဆိုပါစည်းမျဉ်းများသည် ထုတ်ပြန်သည့်နေ့မှစ၍ ချက်ချင်းအသက်ဝင်မည်ဖြစ်သဖြင့် ခရီးသွားလာသူများနှင့် ဒေသခံများအနေဖြင့် အထူးသတိပြုလိုက်နာရန် တိုက်တွန်းထားပါသည်။ 

အကျဉ်းချုပ်အားဖြင့် ခရီးသွားလာမှုနယ်မြေများ၊ အများပြည်သူဆိုင်ရာနေရာများနှင့် အစိုးရပိုင်နေရာများတွင် ကန့်သတ်ထားခြင်း ဖြစ်သည်။