ပတ်စ်ပို့အတုကိုင်ထားသည့် မြန်မာ ၉ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်မြို့တွင် တစ်ပတ်အတွင်း ပတ်စ်ပို့နှင့် အထောက်အထားအတုကိုင်ဆောင်သည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရသည်။

မဲဆောက်မြို့တွင် တစ်ပတ်အတွင်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုနှင့် နေထိုင်ခွင့် အထောက်အထား အတု များ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၉ ဦးကို ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးရမိထားပြီး၊ တရားမဝင် ဝင်ရောက်နေထိုင်မှု ပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း အလုပ်သမားအရေး ကူညီပေး နေသူများက ပြောသည်။

ဖမ်းဆီးခံရသူများသည် ပတ်စ်ပို့စာအုပ်အတုများ အပြင် နေထိုင်ခွင့်အထောက်အထားများတွင် နေရပ်လိပ်စာ ပြောင်းလဲထားခြင်း၊ ခရီးသွားသတင်းပို့စာရွက် (TM27) နှင့် အိမ်ငှားသတင်းပို့စာရွက် (TM30) အတုများကို ကိုင်ဆောင်ထားခြင်းကြောင့် ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့၏ ပူးပေါင်းစစ်ဆေးမှုအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဒီနောက်ပိုင်း ဝင်လာတဲ့သူတွေက ဘတ် စာရင်း ပိတ်ပြီလေ။ ဟိုကနေလည်း မထွက်လို့မရတော့ဘူး။ ဒီရောက် တော့လည်း တစ်လချင်း ခရီးသွားဗီဇာ က အများကြီးကျတော့ လုပ်မိလုပ်ရာ လုပ်ကြတာပေါ့။ ဒါကြောင့် ကျနော်တို့လည်း မှာတယ်။ အတုမလုပ်နဲ့။ ဒီတိုင်း ရဲကတ်နဲ့ အေးဆေးနေ။ အပြင်အရမ်းမထွက်နဲ့ အဲ့ဒါက အန္တရာယ်ကင်းတယ် ဟု ပြောသည်။

မြေပြင်ဖမ်းဆီးမှု ဖြစ်စဉ်များအရ မေလ ၁၈ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က မဲဆောက်မြို့၊ ဟွေဟင်ဖုန်း စစ်ဆေးရေးဂိတ်တွင် ထိုင်းပြည်တွင်းသို့ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် အသက် ၁၈ နှစ်မှ ၂၄ နှစ် အတွင်းရှိ မြန်မာလူငယ် အမျိုးသား ၆ ဦးနှင့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်း မြန်မာနိုင်ငံ သား ၇ ဦးကို ပတ်စ်ပို့အတုကိုင်ဆောင်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ 

အလားတူ ပြီးခဲ့သည့် မေလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များကလည်း အဆိုပါ ဟွေဟင်ဖုန်းစစ်ဆေးရေးဂိတ်၌ပင် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အရွယ် မြန်မာအမျိုးသား ၂ ဦးကို ပတ်စ်ပို့ပါ အချက်အလက်များ မမှန်မကန် ပြောင်း လဲထားမှုဖြင့် ဖမ်းဆီးခဲ့သေးသည်။

ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးက ဒီတခေါက်လုပ်တာ တော်တော်ပိရိတယ် ပြော တယ်။ တံဆိပ်တုံး အတုတွေနဲ့ပါချတာ။ ထိုင်းလဝကကလည်း တင်းကြပ်ထားတော့ မိတာပဲ။ ဒီနောက်ပိုင်းဆို သူတို့ စက်တွေနဲ့ပါ စစ်တာလေ။ ပွဲစားတွေ မယုံတာတော့ အကောင်းဆုံးပါဟု ပြောသည်။

လက်ရှိတွင် ထိုင်းလဝက၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများသည် နယ်စပ်တစ်လျှောက် ရာဇဝတ်မှု များနှင့် နေထိုင်ခွင့် အထောက်အထား အတုပြုလုပ်သူများကို ဖမ်းဆီးနိုင်ရန် နည်းပညာအဆင့်မြှင့်တင်ကာ တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

သို့သော်လည်း မြန်မာနိုင်ငံဘက်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများအပြင် စိုးရိမ်ပူပန်နေရ သည့် စစ်မှုထမ်းဥပဒေ ကိစ္စရပ်များကြောင့် ပြည်တွင်းရှိ မြန်မာလူငယ်များသည် ထိုင်းနိုင်ငံသို့ တရားမဝင် နည်း လမ်းမျိုးစုံဖြင့် နေ့စဉ်နှင့်အမျှ စွန့်စားဝင်ရောက်လာကြရာတွင် ယခုကဲ့သို့ ပွဲစားများ၏ လိမ်လည်မှုကြောင့် အထောက်အထားအတုများမိပြီး ဖမ်းဆီးခံရမှုများနှင့် ကြုံတွေ့နေကြရသည်။