စစ်ဘေးနှင့် ရာသီဥတုဒဏ်ကြား ကရင်နီစိုက်ပျိုးရေးကဏ္ဍ အကျပ်ရိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်။

ကရင်နီပြည်အတွင်း ငါးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် စစ်ရေးအခြေအနေများနှင့် ဒေသတွင်း လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် ကရင်နီတောင်သူများ စီးပွားဖြစ်စိုက်ပျိုးသည့် သီးနှံများ ဈေးကွက်ပျက်ကာ စိုက်ပျိုးရေး ကဏ္ဍတစ်ခုလုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

စစ်ရေးပဋိပက္ခဒဏ်ကို နှစ်ရှည်လများ ခံစားနေရသည့်အပြင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြတ် တောက်နေခြင်းကြောင့် ယခင်က စီးပွားဖြစ် အားထားခဲ့ရသည့် စပါး၊ ပြောင်း၊ ပဲအမျိုးမျိုး၊ နေကြာ၊ ငရုတ်သီး၊ ဖာလာတို့ကို စိုက်ပျိုးခဲ့ရာမှ ယခုခါ ငရုတ်သီး၊ ဖာလာနှင့် ပြောင်းစိုက်ပျိုးရေးလုပ်ငန်းများ စျေးကွက်များ ပျက် ကုန်ပြီဟု တောင်သူများက ပြောသည်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စီးပွားဖြစ် အဓိကစိုက်ပျိုးကြသည့် ငရုတ်သီးသည် ယခုနှစ်တွင် ဝယ်လက်မရှိဘဲ ဈေးနှုန်းထိုးကျသွားသဖြင့် တောင်သူများ အခက်ကြုံနေရသည်။ 

လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်က ငရုတ်သီးတစ်ပိသာလျှင် ကျပ် ၄၀,၀၀၀ ထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၁၅,၀၀၀ သာ ဈေးရှိတော့ကြောင်း ဒေသခံများက ပြောသည်။

ဈေးကွက်ပျက်သွားသည့်အပြင် လမ်းပိတ်ဆို့မှုများကြောင့် နယ်ကျော်ဝယ်လက်များ လာရောက်နိုင်ခြင်း မရှိတော့ရာ တောင်သူအများအပြားသည် ငရုတ်သီးများကို ယနေ့တိုင် ထုတ်မရောင်းနိုင်ဘဲ ရှိနေကြသည်။ 

ဒေသခံတစ်ဦးက ဈေးမရှိတာအပြင် လာဝယ်ပေးမယ့်သူလည်း မရှိတော့ဘူး။ အချင်းချင်းပေါ့နော် အခုဆို ဒေသခံတွေက ငရုတ်သီးကို ဆန်တို့၊ ပြောင်းကောက်တို့နဲ့ လဲစားနေကြတာမျိုး လုပ်ကြတယ်။ အခုက အခြေအနေက အဲ့လိုမျိုးဖြစ်နေတာ ဟု ပြောသည်။

အလားတူ ဖရူဆိုအနောက်ဘက်ခြမ်းရှိ အခြားကျေးရွာများတွင်လည်း ဖာလာစိုက်ပျိုးသူ နည်းပါးလာနေသည်ဟု ဆိုကြသည်။ 

၂၀၂၂ ခုနှစ်ဝန်းကျင်က ဖာလာတစ်ပိသာလျှင် ကျပ် ၃၀,၀၀၀ ထိ ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၁၆,၀၀၀ ခန့်သာ ရရှိတော့သည်။ 

ဖာလာကို မိုးရာသီကုန် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ခူးယူ ရသဖြင့် အခြောက်ခံရန် ထင်းမီး အမြောက်အမြား သုံးစွဲရခြင်း၊ လူပင်ပန်းပြီး သစ်တောပြုန်းတီးမှု ဖြစ်ပေါ်ခြင်းတို့ကြောင့် စိုက်ပျိုးသူ နည်းပါး လာခြင်း ဖြစ်သည်။ 

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင်လည်း အလားတူ အပြောင်းအလဲများ ရှိနေသည်။ ယခင်က ပြောင်းကို အဓိကထား စိုက်ပျိုးခဲ့ကြသော်လည်း ပြီးခဲ့သည့်နှစ်အတွင်း လမ်းကြောင်းများ ပိတ်ဆို့ကာ ပြောင်းများ ရောင်း မထွက်ခဲ့သဖြင့် ယခုနှစ် စိုက်ပျိုးရာသီတွင် တောင်သူအများစုက နှမ်းနှင့် စပါးကိုသာ ရွေးချယ်စိုက်ပျိုးလာကြ သည်။

စစ်ဘေးရှောင်ကာလ ရှည်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ ဖူလုံရေးသည် တောင်သူများအတွက် အသက်ရှင် ရပ်တည်ရေး စိန်ခေါ်မှု ဖြစ်လာသည်။ 

စိုက်ပျိုးတောင်သူ အမျိုးသားတစ်ဦးက စစ်ရှောင်ရတာ ကြာလာတော့ စားဝတ်နေရေးက ပိုကျပ်တည်းလာ တယ်။ ပြောင်းက ရောင်းမထွက်ရင် ဘာမှလုပ်လို့မရဘူး။ ဒါကြောင့် ဒီနှစ်မှာတော့ စားဝတ်နေရေး ချက်ချင်း ဖြေရှင်းနိုင်ဖို့ အာမခံချက်ရှိတဲ့ စပါးနဲ့ နှမ်းကိုပဲ အစားထိုးပြီး စိုက်ကြတာမျိုး ဖြစ်လာတယ်ပေါ့နော် ဟု ပြောသည်။

သို့သော်လည်း ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှစတင်ကာ လွိုင်ကော်အရှေ့ဘက်ခြမ်းတွင် စစ်တပ်က နယ်မြေစိုးမိုးမှု ပိုမိုရယူရန် ကြိုးပမ်းလာခြင်းကြောင့် ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးနိုင်မှုနှုန်း သိသိသာသာ ကျဆင်းသွားခဲ့ သည်။ 

အလားတူ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်းများရှိသည့် နန်းမယ်ခုံမြို့တွင်လည်း စစ်ရေးအခြေအနေနှင့် ရေကြီး ရေလျှံမှုများကြောင့် ငါးမွေးမြူရေးလုပ်ငန်း လုံးဝရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။ 

ယခင်က ငါးကြင်းနှင့် မှော်စားငါးများကို စနစ်တကျ မွေးမြူခဲ့ကြသော်လည်း လက်ရှိတွင် စစ်ကြောင်းထိုးမှုများ၊ လက်နက်ကြီးနှင့် ဒရုန်းရန်များကြောင့် ငါးမွေးကန်များ ပစ်ထားခဲ့ရကာ ငါးသားပေါက် ဝယ်ယူရန်လည်း မဖြစ်နိုင် တော့ပေ။

အာဏာမသိမ်းမီက မိသားစုဝင်ငွေ အဓိကရလမ်းဖြစ်ခဲ့သည့် ငါးမွေးမြူရေးလုပ်ငန်းသည် လက်ရှိတွင် ဒေသခံ များ စစ်ဘေးရှောင်နေရသဖြင့် ၅ နှစ်နီးပါးခန့် လုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားခဲ့ရပြီး ကရင်နီပြည်၏ စိုက်ပျိုးမွေး မြူရေး ကဏ္ဍတစ်ခုလုံးသည် စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးအဖြစ် ရုန်းကန်လှုပ်ရှားနေရဆဲ ဖြစ်သည်။

ဓါတ်ပုံ – ပုံဟောင်း